စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်က ထမ်းယံရွာကို မတ်လ ၁၅ ရက် နေ့လယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ PNLA တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း ဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီးခဲ့ပြီး ကိုရင် နှစ်ပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထမ်းယံရွာက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေကို လေကြောင်းနဲ့ ဆယ်ကြိမ်ထပ်မနည်း ပစ်ခတ်ခဲ့တာလို့ PNLA တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“လူထုကို ခြိမ်းခြောက်တာပေါ့။ လူထုနဲ့ တော်လှန်ရေးတပ်ဖွဲ့ကို သွေးခွဲချင်တဲ့ ပုံစံပေါ့။ တွေ့လား မင်းတို့ငါတို့ကို တော်လှန်ရင် မင်းတို့ ဘာသာရေးအဆောက်အုံကို ဖျက်ဆီးမယ်။ မင်းတို့ တော်လှန်ရင် ငါတို့ ဒီလိုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်တယ်"
ထမ်းယံရွာဒေသခံအများစုကတော့ ဒီတိုက်ခိုက်မှုမတိုင်ခင်ကတည်းက ကြိုတင်တိမ်းရှောင်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီ ရှမ်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးခွန်သိမ်းမောင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲစတင်တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နောက်ပိုင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၄၉ ဦး သေဆုံးခဲ့ပြီး နောက်ထပ် လူခြောက်ဆယ် ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO)က မတ်လ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီ့အပြင် ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်အတွင်းက လူဦးရေ တစ်သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။