ဆီဆိုင်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်နဲ့ PNLA တိုက်ပွဲဆက်ဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က သံချပ်ကာယာဉ်သုံးစီး အပါအဝင် မြေပြင်မှာ စစ်အင်အားတွေထပ်ဖြည့်ပြီး ထိုးစစ်ဆင်နေတာကြောင့် မတ်လ ၁၄ ရက်နေ့က ညနေပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ပြောခွင့်ရသူ ခွန်ရိမ်းယံက ပြောပါတယ်။

"စစ်ကောင်စီတပ်က ဆီဆိုင်မြို့ထဲကို ထိုးဝင်လာဖို့ ဆက်ကြိုးစာတာပေါ့။ ကျွန်တော်လည်း ကြားဖြတ်ပြီး ခုခံနေတယ်။ တိုက်ပွဲက တော်တော် ပြင်းပြင်းထန်ထန် ဖြစ်ပါတယ်"

စစ်ကောင်စီတပ်က ဆီဆိုင်မြို့ အရှေ့မြောက်ဘက် မွေတော်ဘုရားကုန်းကနေ လက်နက်ကြီးတွေ အထိုင်တပ်ဆင်ထားပြီး ဆီဆိုင်မြို့တွင်းကို အကြိမ်တစ်ရာနီးပါး အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့လည်း သူကဆိုပါတယ်။

ဆီဆိုင်မြို့နယ်အပြင် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ ကျောက္ကဆျားရွာအနီးမှာလည်း တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းသုံး တိုက်ခိုက်ခဲ့လို့ ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ PNLA ပြောခွင့်ရသူက ပြောပါတယ်။

တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိမ်းမောင်ကို ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

မနေ့ကညပိုင်းအထိ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး မတ်လ ၁၅ ရက် မနက်ပိုင်းမှာတော့ တိုက်ပွဲတွေ ခေတ္တငြိမ်သက်နေတယ်လို့ ဆီဆိုင်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

"ဆီဆိုင်မှာရော၊ ဟိုပုံးမှာရော နေ့တိုင်းလိုဖြစ်နေတာ။ အခုမနက်မှ ခဏငြိမ်တာဗျ။ တော်လှန်ရေးအဖွဲ့တွေ တောင်ပေါ်ကနေ ဆင်းလာတယ်ဆိုပြီး သတင်းရတဲ့နေရာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ဆီဆိုင်မြို့ကတော့ အကုန်ကုန်ပြီထင်ပါတယ်ဗျာ။ လက်နက်ကြီးအသံတွေပဲကြားနေရတာ"

ဇန်နဝါရီလ ၂၂ ရက်နေ့ကစပြီး PNLA တပ်ဖွဲ့က သိမ်းပိုက်ထားတဲ့ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေဖြစ်နေတာ နှစ်လနီးပါးရှိလာပါပြီ။

တိုက်ပွဲကာလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၄၉ ဦး သေဆုံးခဲ့ပြီး နေက်ထပ် လူခြောက်ဆယ် ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ရဲ့ မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်အတွင်းက လူဦးရေ တစ်သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။