ဆီဆိုင်မြို့ လွယ်တဖြီးတောင်ခြေက စစ်ဘေးဒုက္ခသည်တွေ အကူအညီမရသေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့ရဲ့ တိုက်ပွဲတွေကြောင့် လွယ်တဖြီးတောင်ခြေကို ထွက်ပြေးနေရတဲ့ဒုက္ခသည်တွေ အကူအညီမရကြဘဲ နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတောင်ခြေမှာ တိုက်ပွဲကြောင့် ထွက်ပြေးလာရတဲ့ လူဦးရေနှစ်ရာနီးပါး နှစ်လနီးပါးကြာ နေထိုင်နေကြရတာလို့ ဆိုပါတယ်။

လက်ရှိ နေရပ်ပြန်လို့လည်းမဖြစ်နိုင်သလို အကူအညီတွေလည်းမရတာကြောင့် နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြတာလို့ ဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“လူတွေက တောထဲမှာဖြစ်သလိုနေကြရတာ။ အမိုးအကာလည်း မရှိဘူး။ စားစရာလည်း မရှိကြဘူးပေါ့နော်။ အတော်ဒုက္ခရောက်နေကြတာ။ အဲဒါ တစ်နေရာပဲရှိသေးတယ်။ အဲလိုနေရာတွေက အများကြီးပဲ”

တိုက်ပွဲပြင်းထန်နေသလို ဒုက္ခသည်တွေကို အကူအညီပေးနိုင်မယ့် လမ်းတွေလည်းပိတ်ထားတာကြောင့် ထိထိရောက်ရောက် အကူအညီပေးနိုင်ဖို့ ခက်ခဲနေတာလို့ ဆိုပါတယ်။

ဆီဆိုင်နဲ့ ဟိုပုံးမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေစခဲ့တဲ့ တိုက်ပွဲကြောင့် ဆီဆိုင်မြို့ပေါ် ရပ်ကွက်ခြောက်ခုနဲ့ ရွာပေါင်း ခြောက်ဆယ်ခန့်က ဒေသခံတွေအပြင် ဟိုပုံးမြို့နယ်ထဲမှာရှိတဲ့ ရွာပေါင်း ၃၁ ရွာက လူဦးရေတစ်သိန်းနီးပါးဟာ နီးစပ်ရာမြို့နယ်တွေ၊ ရွာတွေနဲ့ တောတောင်တွေထဲကို ထွက်ပြေးနေကြရတယ်လို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ထုတ်ပြန်ထားပါတယ်။