လူကုန်ကူးခံ မြန်မာအမျိုးသမီး ၇ ဦးကို မြန်မာ-ဒူဘိုင်း ပူးပေါင်းကယ်တင်

ဒူဘိုင်းမှာ လူကုန်ကူးခံခဲ့ရတဲ့ မြန်မာအမျိုးသမီး ၇ ဦးကို မြန်မာနဲ့ဒူဘိုင်း နှစ်နိုင်ငံ ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကယ်တင်ပြီးမြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်း စက်တင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ဒူဘိုင်းမှာ နေထိုင်ခွင့်ရတဲ့ မြန်မာနိုင်ငံသားအဖွဲ့တစ်ဖွဲ့က ဒူဘိုင်းမှာ လစာကောင်းတဲ့ အလုပ်ရမယ်လို့ မက်လုံးပေး စည်းရုံးခေါ်ယူပြီး ဒူဘိုင်းကို ရောက်တဲ့အခါ အီရန်၊ အီရတ်၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ ဆော်ဒီ၊ ယီမင်၊ ဂျော်ဒန်နဲ့ အိုမန် နိုင်ငံတွေဆီ အတင်းအကြပ် စေလွှတ်ရောင်းစားနေတာကို သိရတဲ့အတွက် ရဲတပ်ဖွဲ့က ဒီနှစ်ဩဂုတ်လဆန်းကစပြီး စုံစမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ဩဂုတ်လ ၂၅ ရက်နေ့မှာ ဒူဘိုင်းရောက် မြန်မာအမျိုးသမီး ၇ ဦးပါ အဖွဲ့တစ်ဖွဲ့က ဒူဘိုင်းမှာ သူတို့ ဒုက္ခရောက်နေကြောင်း ဖေ့ဘွတ်ခ် လူမှုကွန်ရက်ကတစ်ဆင့် အကူအညီတောင်းခံခဲ့ကြပါတယ်။

လစာကောင်းကောင်းနဲ့ အိမ်အကူအလုပ်ရမယ်လို့ အမျိုးသမီးတစ်ဦးက ဒူဘိုင်းကို ခေါ်ယူခဲ့ရာမှာ သုံးလကျော်ကြာတဲ့အထိ အလုပ်မရဘဲ ဒူဘိုင်းမြို့တစ်နေရာက အခန်းကျဉ်းတစ်ခုမှာ ပိတ်လှောင်ခံထားရပြီး တစ်ရက်ကို ထမင်းတစ်နပ်သာ ပဲဟင်းရေကြဲနဲ့ကျွေးကြောင်း၊ အခု သူတို့ကို အီရတ်နိုင်ငံ ပို့မှာဖြစ်ပြီး မသွားချင်ရင် မြန်မာငွေ သိန်းတစ်ရာပေးရမယ်လို့ ခြိမ်းခြောက်တောင်းဆိုကြောင်း၊ အခု အဲဒီအိမ်က အခန်းကို ဖျက်ပြီး ထွက်ပြေးလာခဲ့ကြရာမှာ မြန်မာတစ်ဦးရဲ့ အကူအညီနဲ့ လမ်းဘေးအခန်းကျဉ်းတစ်ခုကို ဆယ်ရက်စာအခပေး ငှားနေရပြီး၊ စားစရာမရှိ သွားစရာမရှိဖြစ်နေရကြောင်း လူမှုကွန်ရက်မှာ လွှင့်တင်အကူအညီတောင်းခဲ့တာပါ။

ဒီကိစ္စအပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အင်တာနက်ကနေ ရှာဖွေစိစစ်ခဲ့ရာမှာ သူတို့ ၇ ဦး နေထိုင်နေတဲ့ နေရာကို သိရှိခဲ့ရပြီး ဒူဘိုင်း အမျိုးသမီးစောင့်ရှောက်ရေးဂေဟာကို ပို့ဆောင်ပေးခဲ့ပါတယ်။ အခုအခါ သူတို့အားလုံး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ကြပြီဖြစ်ပါတယ်။

မြန်မာအမျိုးသမီးတွေကို ဒူဘိုင်းက မကေသီမြင့်ထံ ပို့ပေးနေတဲ့ မြန်မာနိုင်ငံက မီးမီး ခေါ် နော်သောစေးနဲ့ မဆွေဆွေမြင့် တို့ကိုလည်း တာမွေရဲစခန်းက ဖမ်းဆီးခဲ့ပြီး မကေသီမြင့်ကိုလည်း ဩဂုတ်လ ၃၀ ရက်နေ့မှာ ဒူဘိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။