ICCPR လက်မှတ်ထိုးရေး မှတ်တမ်းတင်ဖို့ ပြည်သူ့လွှတ်တော်ဆုံးဖြတ်


2019.09.10
pyithu-hluttaw-622.jpeg ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
.

အရပ်ဘက်လူထုဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်တွေနဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာ သဘောတူစာချုပ် ICCPR ကို လက်မှတ်ထိုးရေးနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်တွေ အပါအဝင် ကန့်ကွက်ဆွေးနွေးတာတွေ၊ ထောက်ခံအကြံပြုတာတွေရှိခဲ့ပြီး အဆိုကို စောင့်ကြည့်မှတ်တမ်းတင်ဖို့သာ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာစာချုပ်တွေထဲက တစ်ခုဖြစ်တဲ့ အရပ်ဘက်လူထုဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်တွေနဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာ သဘောတူစာချုပ် ICCPR စာချုပ်ကို လက်မှတ်ထိုးဖို့ NLD ပါတီဝင် အိမ်မဲမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာ က လွှတ်တော်ကို တိုက်တွန်းခဲ့တာပါ။

လက်ရှိ အဲဒီစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံပေါင်း ၁၇၂ နိုင်ငံရှိပါတယ်။ ပဏာမအဆင့် လက်မှတ် ထိုးထားတာက ခြောက်နိုင်ငံနဲ့ လက်မှတ်မထိုးထားတဲ့ နိုင်ငံ ၁၉ နိုင်ငံရှိပြီး မြန်မာလည်း အပါအဝင်ဖြစ်ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေက အချုပ်အခြာအာဏာပိုင်ဆိုင်မူနဲ့ နိုင်ငံသားဖြစ်တည်မူကို ထိပါးလာမှာကို စိုးရိမ်စိတ်နဲ့ အဆိုကို ကန့်ကွက်ဆွေးနွေးခဲ့ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တချို့ကလည်း စာချုပ်ကို သေသေချာချာလေ့လာပြီးမှ ကနဦး သဘောတူညီချက် လက်မှတ်ထိုးသင့်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တချို့က စိုးရိမ်စိတ်နဲ့ ဆွေးနွေးသွားတာကိုတွေ့ရကြောင်းနဲ့ ပြည်တွင်းက တည်ဆဲဥပဒေတွေအတိုင်းသာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

NLD ပါတီက ကိုယ်စားလှယ်တွေက ICCPR ကို လက်မှတ်ထိုးဖို့ ထောက်ခံဆွေးနွေးခဲ့ပေမယ့် ဝန်ကြီး ဦးကျော်တင် က အစိုးရအနေနဲ့ အချိန်ယူလေ့လာပြင်ဆင်နေပြီး လာမယ့်နှစ်တွေမှသာ စာချုပ်ကို ကနဦး လက်မှတ်ထိုးဖို့ ဆောင်ရွက်နေတဲ့အတွက် အဲဒီအဆိုကို မှတ်တမ်းတင်ပေးဖို့သာ တင်ပြခဲ့ပါတယ်။

လွှတ်တော်ဥက္ကဌက ကိုယ်စားလှယ်တွေရဲ့ သဘောထားကိုရယူပြီး ICCPR စာချုပ်ကို လက်မှတ်ထိုးရေး အဆိုကို  မှတ်တမ်းတင် စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။