ရခိုင်တိုက်ပွဲပြင်းထန်လာတာကြောင့် ဧရာဝတီတိုင်းက မြို့နယ်တချို့မှာ လုံခြုံရေးတိုးမြှင့်

RFA Burmese
2024.05.08
ရခိုင်တိုက်ပွဲပြင်းထန်လာတာကြောင့် ဧရာဝတီတိုင်းက မြို့နယ်တချို့မှာ လုံခြုံရေးတိုးမြှင့် ရခိုင်ပြည်နယ်အတွင်းရှိ လမ်းတစ်နေရာကို တွေ့ရစဉ်။
MPA

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းက မြို့နယ်တွေမှာ ဧပြီလကုန်ကစပြီး အရင်ထက်လုံခြုံရေးတိုးမြှင့်ထားသလို အစစ်အဆေးများနေတယ်လို့ ကျုံပျော်မြို့နယ် ဒေသခံတွေက ပြောပါတယ်။

ရခိုင်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ရေကြည်၊ ကျုံပျော်၊ ကြံခင်းနဲ့ မြန်အောင်မြို့နယ်တွေမှာ လုံခြုံရေးတင်းကျပ်ထားပြီး ရဲနဲ့ တပ်အင်အားတွေ အရင်ထက်တိုးချထားတယ်လို့ ကျုံပျော်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"လုံခြုံရေးကတော့ သူတို့ပိုပြီးတော့ တပ်တွေ၊ ရဲတွေ ချထားတယ်လို့ ကြားပါတယ်။ ကျွန်တော်သိသလောက် ရခိုင်နဲ့နီးတဲ့ မြန်အောင်ဘက်မှာ များများချတယ်။ ငသိုင်းချောင်းနဲ့ ဒီရိုးမနဲ့ဆက်နေတဲ့ ကြံခင်း၊ မြန်အောင် အဲဒီဘက်တွေကတော့ ပိုပြီးတော့ လုံခြုံရေးတင်းကျပ်တယ်လို့ ကြားတယ်။ ပြည်သူတွေရဲ့ဆန္ဒကတော့ အဲဒီကနေပြီးတော့ စစ်ကူးဆက်လာမှာ စိုးရိမ်တာပေါ့"

အဲဒီမြို့နယ်တွေမှာ အဝင်အထွက်တင်းကျပ်ထားပြီး စစ်ကြောင်းထိုးနေတာအပြင် တော်လှန်ရေးအင်အားစုတွေနဲ့ပတ်သက်လို့ မသင်္ကာတာနဲ့ ဖမ်းဆီးတာတွေပါရှိတယ်လို့ ဆိုပါတယ်။

လုံခြုံရေးတိုးမြှင့်ချထားပေမယ့် အင်အားဘယ်လောက်ရှိတယ်ဆိုတာတော့ ဒေသခံတွေအနေနဲ့ မခန့်မှန်းနိုင်ဘူးလို့ ပြောပါတယ်။

ငသိုင်းချောင်းမြို့က ရေနံ့သာဂိတ်နဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့ကိုဝင်တဲ့ စစ်ဆေးရေးဂိတ်ကိုလည်း ဧပြီလကုန်ကစပြီး ပိတ်ထားသလို အစစ်အဆေးကြမ်းနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့တဲ့ ကျုံပျော်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဝင်မခံဘူး၊ အထွက်မခံဘူးဆိုတဲ့ ပုံစံမျိုးပိတ်ထားတာ။ ဘယ်ဂိတ်တွေလည်းဆိုတော့ ငသိုင်းချောင်းအထွက်က ရေနံ့သာဂိတ်ဆိုတာ ရှိတယ်။ ရေနံ့သာဂိတ်ရယ်၊ ဟိုဘက် ဂွနားရောက်ရင် တစ်ဂိတ်ရှိတယ်၊ အဲဒီနှစ်ဂိတ်။ ကျွန်တော်ရောက်တုန်းကတော့ တောင်ရဲ့ ဘေးစောင်းလေးမှာ ဂွဂိတ်က။ အဲဒီဂိတ်က အဆိုးဆုံးပဲ"

ရခိုင်ကတိုက်ပွဲတွေကြောင့် ဧပြီလထဲမှာပဲ တောင်ကုတ်မြို့နယ်နဲ့ သံတွဲမြို့နယ်ကဒေသခံတွေ ဧရာဝတီတိုင်းက မြို့နယ်တချို့ကို ရောက်လာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ တစ်ကျော့ပြန်တိုက်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး သာပေါင်း၊ ရေကြည်၊ ကြံခင်းနဲ့ မြန်အောင်မြို့နယ်တွေက သစ်တောကြိုးဝိုင်းနဲ့နီးတဲ့ ရွာတွေမှာ ခမရ (၁၀၈)၊ ခလရ (၃၆)၊ ခလရ (၅၁) နဲ့ အမတ (၃၄၄) တပ်တွေ စစ်ကြောင်းထိုးတာနဲ့ ကင်းပုန်းဝပ်တာအပြင် စစ်ဆေးရေးဂိတ်တွေပါ တိုးမြှင့်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။