စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ နိုဝင်ဘာလ ၁၈ ရက်၊ မနေ့က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ PDF နဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးအပါအဝင် ၂၀ ဦးခန့် သေဆုံးခဲ့သလို KIA ဘက်က တစ်ဦး သေဆုံးတယ်လို့ Indaw Revolution - IR က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး၊ နှစ်ပွင့် ဗိုလ်တစ်ဦးနဲ့ အခြားအဆင့် တပ်သား အယောက် ၂၀ ခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ IR အဖွဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့ တပ်ရင်းမှူးကိုတော့ ရဟတ်ယာဉ်နဲ့သယ်တာ တွေ့လိုက်တယ်။ ကျန်တဲ့ အလောင်းတွေကိုတော့ အဲဒီ နေရာမှာတင် မြှုပ်လိုက်ကြတယ်။ နှစ်ပွင့်ဗိုလ်နဲ့ ဒဏ်ရာ ရရှိတဲ့သူတွေကိုတော့ ရိက္ခာကုန်းဘက်ကို ကားနဲ့ သယ်သွားကြတယ်။ ဒီနေ့တော့ တိုက်ပွဲတော့ ထပ်မဖြစ်တော့ဘူး။ ရိက္ခာကုန်းကနေတော့ လက်နက်ကြီးတွေ ပစ်နေကြတယ်"
စစ်ကောင်စီတပ်သားတွေ သေဆုံးတယ်ဆိုတဲ့အပေါ် RFA အနေနဲ့ သီးခြား အတည်မပြုနိုင် သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းတော်ဒေသခံတစ်ဦးကလည်း မနေ့ နေ့လယ်လောက် ကတည်းက နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ကျဆုံးသူတွေရှိတယ် လို့ RFA ကို ပြောပါတယ်။
"တိုက်ပွဲက ပြင်းထန်တယ်။ သက္ကယ်ကျင်းရွာရဲ့ထိပ် နဘားကြီးရွာရဲ့နောက် အဲဒီ တောတန်းမှာ ဖြစ်တာ။ တိုက်ပွဲက နှစ်ကြိမ်ဖြစ်တယ်။ နေ့လယ်လောက်ကနေဖြစ်တာ ညမိုးချုပ်တဲ့အထိ ဖြစ်နေကြတာ။ ရွာနဲ့အလှမ်းဝေးတော့ ပြည်သူတွေ ထိတာတော့ မရှိဘူး။ စစ်ကောင်စီဘက်ကတော့ ကျတယ်။ မနေ့က ရဟတ်ယာဉ်နဲ့ လာသယ် သွားတယ်။ ကျတာက ၂၀ ကျော်ကျတာလို့ ကြားတယ်။ လူနာတွေကိုလည်း ညအထိ လူနာတင်ယာဉ်နဲ့ သယ်ကြတုန်း ရိက္ခာကုန်းဘက်ကို၊ တိုက်ပွဲဖြစ်တဲ့နေရာကနေ"
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ အင်းတော်ဘက်မှာဖြစ်တဲ့ မနေ့က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး သတင်းမရသေးဘူးလို့ ပြောပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့ညကလည်း စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်နဲ့ အင်းတော်မြို့နယ် အစပ် မံထုံရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ လာရောက်ပစ်ခတ် ခဲ့တာကြောင့် စာသင်ကျောင်း ပျက်စီးခဲ့ပြီး ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ Indaw Revolution - IR တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။