အိန္ဒိယနဲ့ မြန်မာ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး

RFA Burmese
2024.02.22
အိန္ဒိယနဲ့ မြန်မာ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အိန္ဒိယ၊ အမှတ် (၃) တပ်မကြီးမှူး Harjeet Singh Sahi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။
Myawady

အိန္ဒိယစစ်တပ်နဲ့ မြန်မာစစ်ကောင်စီတပ်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ အိန္ဒိယစစ်တပ် ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီတို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံ အမှတ် (၃) တပ်မကြီးမှူး Harjeet Singh Sahi အပါအဝင် အိန္ဒိယတပ်မတော် ကိုယ်စားလှယ် ငါးဦးနဲ့ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက အရာရှိတွေ မနေ့က နေပြည်တော်မှာ တွေ့ဆုံရာမှာ ဆွေးနွေးခဲ့ကြတာလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာမှာ ဒီနေ့ ဖော်ပြပါတယ်။

အဲဒီ တွေ့ဆုံပွဲမှာ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ချင်းရေးရာအဖွဲ့ချုပ်ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်းဆွီးစံကတော့ ဒီလို တွေ့ဆုံဆွေးနွေးမှုတွေဟာ ချင်း၊ စစ်ကိုင်းနဲ့ မကွေး ဒေသတွေမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့တွေကို နှိမ်နင်းဖို့အတွက် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“အာဏာသိမ်းပြီးနောက် အိန္ဒိယဗဟိုအစိုးရနဲ့ မြန်မာစစ်ကောင်စီတပ် ခဏခဏ တွေ့ဆုံတာတွေ တွေ့ရတယ်။ လုံခြုံရေးကိစ္စ၊ ခြံစည်းခတ်ဖို့ ကိစ္စတွေလုပ်လာရင်တော့ ချင်း၊ စစ်ကိုင်း၊ မကွေးက လှုပ်ရှားနေတဲ့ တော်လှန်ရေး အဖွဲ့တွေအတွက် ခက်ခဲသွားနိုင်တယ်၊ သူတို့ကို တားချင်တာလည်း ဖြစ်နိုင်တယ်။ စစ်ဘေးရှောင်တွေအတွက်လည်း ထိခိုက်နိုင်တယ်။ ဗဟိုအစိုးရက အမိန့်တစ်ခုထွက်လာတိုင်း မြန်မာစစ်ကောင်စီတပ်နဲ့ တွေ့ဆုံပြီး နောက်မှာ အဲလိုမျိုး ထွက်ထွက်လာတာကို တွေ့ရတယ်။ သူတို့က တွေ့ဆုံမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်မယ်လို့ ပြောပေမယ့် လုပ်ပြီးသားပဲ ဖြစ်နေတာ”

အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့်စနစ် (FMR) သဘောတူစာချုပ် ချုပ်ဆိုထားပေမယ့် မြန်မာဘက်က တိုက်ပွဲတွေကြောင့် မြန်မာဘက်ကနေ နယ်စပ်ဖြတ်ကျော်ထွက် ပြေးလာမှုများလာတာကြောင့် အိန္ဒိယ - မြန်မာ နယ်စပ် မိုင် ၁,၀၀၀ ရှည်သည့် ခြံစည်းရိုးခတ်မည်ဟု အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီး အမစ်ရှားက ပြောထားပါတယ်။

အိန္ဒိယ - မြန်မာ ၁,၆၄၃ ကီလိုမီတာခန့် နယ်နိမိတ်ထိစပ်နေပြီး မြန်မာနိုင်ငံမှ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်း အိန္ဒိယနိုင်ငံမှ နာဂလန်း ၊ မဏိပူရ် ၊ မီဇိုရမ် ၊ အာရန်နာချယ် ပရာဒက်ပြည်နယ်တို့ နဲ့ နယ်နိမိတ်ချင်းထိစပ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။