အိန္ဒိယ-မြန်မာ နယ်စပ် ခြံစည်းရိုးခတ်တော့မယ်လို့ အိန္ဒိယပြည်ထဲရေး၀န်ကြီး ထပ်မံပြောဆို

အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်လုံးကို ခြံစည်းရိုးကာရံမယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အာမစ် အနီးလ် ချန်ဒရာ ရှား (Amit Anil Chandra Shah) က ဖေဖော်ဝါရီလ ၆ ရက်နေ့က ထပ်မံပြောလိုက်တယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် မဏိပူရ်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း နယ်စပ် (၁၂) မိုင်အရှည် နယ်စပ်ခြံစည်းရိုးကို မကြာခင်မှာ စတင်ကာရံထားတော့မယ်လို့ အိန္ဒိယပြည်ထဲရေးက ပြောပါတယ်။

ဆက်လက်ပြီး အိန္ဒိယ-မြန်မာနယ်စပ် (၁၆) ကီလိုမီတာ၊ (၁ဝ) မိုင်နီးပါး အကျယ်အဝန်းအတွင်း နယ်စပ်နားနေထိုင်သူတွေ ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဖြတ်သန်းသွားလာခွင့်ကို အိန္ဒိယဘက်က မကြာခင် ပိတ်ပင်ဖို့ အိန္ဒိယအစိုးရက စီစဉ်နေတယ်လို့လည်း အိန္ဒိယအခြေစိုက်သတင်းတွေက ဖော်ပြပါတယ်။

နှစ်နိုင်ငံနယ်စပ်ဟာ ကီလိုမီတာ (၁၆၄၀) ကျော် မိုင် (၁၀၂၀) နီးပါး ထိစပ်နေပြီး နယ်စပ်တစ်လျှောက်လုံး စည်းရိုးကာဖို့ အိန္ဒိယက စီစဉ်နေတာပါ။

ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံဘက်မှာ ထွက်ပြေးခိုလှုံနေရတဲ့ မြန်မာနိုင်ငံသား ခြောက်သောင်းကျော်ရှိနေတယ်လို့ ချင်းအရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။

လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ဖို့ အိန္ဒိယအစိုးရရဲ့ စီစဉ်မှုအပေါ် အိန္ဒိယနိုင်ငံအတွင်းမှာ ခိုလှုံနေကြတဲ့ မြန်မာတွေ နေထိုင်ရေးအခက်တွေ့မှာကို စိုးရိမ်နေကြရတယ်လို့ မြန်မာစစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက RFA ကိုပြောပါတယ်။

"ဒီလို ခြံစည်းခတ်တာတော့ အားလုံးဒုက္ခရောက်အောင်လုပ်တာပဲ။ သူတို့ ကျွန်တော်တို့ကို ဒါ ဗီဇာပါမှ ဝင်ခွင့်ရမယ်ဆိုရင် ကျွန်တော်တို့ ဘယ်သူမှ ဝင်လို့မရတော့ဘူး။ ဝင်တဲ့သူကို သူတို့ ဖမ်းချင်ဖမ်းမယ်၊ ချုပ်ချင်ချုပ်လို့ ရသွားပြီဆိုတော့။ ကျွန်တော်တို့ စစ်ဘေးရှောင်တွေ၊ ပြည်သူတွေ ပိုဒုက္ခသည်ရောက်မယ်။ ပြည်သူတွေ ပိုပြီးမှ ထိခိုက်မယ်၊ စစ်ဘေးရှောင်တွေတော့ အထိခိုက်ဆုံးဖြစ်မယ်။ ကုန်တင်သွင်းရောင်းချသူတွေအတွက်လည်း ပိုဆိုးသွားပေါ့လေ"

နှစ်နိုင်ငံနယ်စပ်ကို စည်းရိုးကာပြီး လွတ်လပ်စွာသွားလာခွင့် ပိတ်သိမ်းခဲ့ရင် မြန်မာစစ်ဘေးဒုက္ခသည်တွေသာ အထိအခိုက် အခက်အခဲတွေ ဖြစ်လာမှာကို အိန္ဒိယရောက် မြန်မာတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

မီဇိုရမ်ပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မီဇို လူငယ်အစည်းအရုံး (Young Mizo Association) အပါအဝင် လူမှုအဖွဲ့အစည်း‌တွေကလည်း အိန္ဒိယ ဗဟိုအစိုးရက အဆိုပြုထားတဲ့ နယ်စပ်ခြံစည်းရိုးခတ်တာနဲ့ လွပ်လပ်စွာဝင်ထွက်ခွင့် FMR ကို ဖျက်သိမ်းတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားကြပါတယ်။