အင်ဒိုနီးရှားကမ်းလွန်မှာ ရိုဟင်ဂျာဒုက္ခသည် ၁ဝဝ ကျော် တွေ့ရှိ

တစ်လကျော်ကြာ လှေတစ်စင်းနဲ့ ခရီးသွားခဲ့တဲ့ ရိုဟင်ဂျာ အယောက် ၁၁ဝ ကို အင်ဒိုနီးရှားနိုင်ငံ၊ အာချေးကမ်းခြေအနီးမှာ အင်္ဂါနေ့မနက်က တွေ့ရှိခဲ့ပါတယ်။ Meunasah Baro ရွာအနီး ကမ်းခြေမှာ ဒေသခံတံငါသည်တွေ တွေ့ခဲ့တာပါ။

အမျိုးသား ၆၇ ယောက်၊ အမျိုးသမီး ၂၇ ယောက်နဲ့ ကလေး ၁၈ ယောက် ပါဝင်တယ်လို့ Muara Batu ရဲအရာရှိက ပြောပြီး၊ သူတို့ဟာ မြန်မာနိုင်ငံကနေ ထွက်လာတဲ့ နောက်ဆုံးအသုတ်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဆာလောင်ပြီး အင်အားချိနဲ့နေပုံရတဲ့ သူတို့ကို ကျန်းမာရေးစစ်ဆေးဖို့အတွက် လောလောဆယ် ရွာခန်းမဆောင်မှာ ရွှေ့ထားပါတယ်။ ဘယ်မှာနေရာချမလဲဆိုတာကိုတော့ အာဏာပိုင်တွေ မဆုံးဖြတ်ရသေးပါဘူး။

ရိုဟင်ဂျာဒုက္ခသည်တစ်ဦးဖြစ်တဲ့ Muhammad Amin ကတော့ - သူတို့ဟာ အာချေးရေပိုင်နက်ကို မရောက်ခင် မလေးရှားနိုင်ငံကို သွားဖို့ ရည်ရွယ်ခဲ့တာလို့ ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေအနီးတွင် ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်က တွေ့ရှိခဲ့သည့် ရိုဟင်ဂျာဒုက္ခသည်တချို့။
အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေအနီးတွင် ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်က တွေ့ရှိခဲ့သည့် ရိုဟင်ဂျာဒုက္ခသည်တချို့။

ပြီးခဲ့တဲ့မတ်လကလည်း ရိုဟင်ဂျာဒုက္ခသည် ၁၁၄ ယောက်ကို အာချေးပြည်နယ် Bireuen ခရိုင်အနီးကမ်းခြေမှာ တွေ့ရှိခဲ့ပါတယ်။

၂ဝ၁၇ ခုနှစ် သြဂုတ်လက မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီပြီး အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရပါတယ်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေဟာ ဒေသတွင်းက မွတ်စလင်နိုင်ငံတွေမှာ ကောင်းမွန်တဲ့ဘဝတစ်ခုကို ရှာဖို့ အသက်အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ကို ကျော်ဖြတ်နေကြတာလည်း ဖြစ်ပါတယ်။