အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး စစ်ကောင်စီကို အပြစ်တင်

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အာဆီယံအနေနဲ့ လုပ်နိုင်တာတွေ လုပ်ခဲ့ပြီးဖြစ်တဲ့အတွက် အာဆီယံဘုံသဘောတူညီချက်တွေ တိုးတက်မှုမရှိရတာ အာဏာသိမ်းစစ်ကောင်စီမှာသာ တာဝန်ရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက နိုဝင်ဘာလ၂ ရက်နေ့က ပြောလိုက်တယ်လို့ ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ ၁၈ လက အာဆီယံခေါင်းဆောင်တွေနဲ့ ရထားတဲ့ ဘုံသဘောတူညီချက်တွေကို အခုထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိတာနဲ့ပတ်သက်ပြီး အာဆီယံကို အပြစ်မတင်ဘဲ မြန်မာစစ်ခေါင်းဆောင်ကိုသာ အပြစ်တင်သင့်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီ (Retno Marsudi)က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ အခုလိုပြောလိုက်တာပါ။

"ဘယ်သူ့ကို အပြစ်တင်သင့်သလဲ၊ ဘယ်သူ့ဘက်က ပျက်ကွက်ခဲ့တာလဲလို့ မေးရင် ကျွန်မတို့ဘက်က ပျက်ကွက်တာ မဟုတ်ပါဘူး။ ဒါက အာဆီယံရဲ့အပြစ် မဟုတ်ပါဘူး။ ကျွန်မတို့ဘက်က လုပ်ရမယ့်အပိုင်းကို လုပ်ထားပြီးသားပါ"လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေဟာ အာဆီယံနဲ့ရထားတဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ရာမှာ တိုးတက်မှု မရှိတာဟာ နိုင်ငံအတွင်းမတည်ငြိမ်မှုတွေနဲ့ ကပ်ရောဂါဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့်လို့ အကြောင်းပြခဲ့ပေမယ့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုပြောကြားချက်နဲ့ ပတ်သက်ပြီး ရိုက်တာက စစ်ကောင်စီကို ဆက်သွယ်မေးမြန်းရာမှာ တုံ့ပြန်ဖြေကြားခြင်းမရှိဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက လာမယ့်အပတ်မှာ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမတိုင်ခင်မှာ အာဆီယံခေါင်းဆောင်တွေအနေနဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ တိုက်တွန်းနှိုးဆော်မှုအသစ်တွေ ထပ်လုပ်သွားမယ်လို့လည်းပြောပါတယ်။

"ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံကို နိုင်ငံရေးအကျပ်အတည်းထဲက ဆွဲထုတ်နိုင်အောင် နိုင်ငံအဆင့်စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့ ကြားဝင်ဆောင်ရွက်ပေးနေပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းနိုင်မယ့်သူဟာ မြန်မာပြည်သူတွေသာ ဖြစ်တယ်ဆိုတာလည်း သိထားပါတယ်" လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ရိုက်တာသတင်းဌာနကို ပြောသွားပါတယ်။