ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဝမ်ပန်ရွာနဲ့ လင်ဖုံကြီးရွာမှာ နိုဝင်ဘာလ ၁ ရက် မနေ့မနက် ၁၀ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ပြောခွင့်ရသူက RFA ကိုပြောပါတယ်။
ရွာအနီးမှာ လက်နက်ကြီးကျည် ၁၀ လုံးကျော် ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာထဲကိုတော့ နှစ်လုံးကျခဲ့ရာမှာ ဒုတိယမြောက်အလုံးက ကိုယ်ဝန်ဆောင် အမျိုးသမီးနေထိုင်တဲ့ နေအိမ်အနီးကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
လင်ဖုံရွာက ကိုယ်ဝန်ဆောင် အမျိုးသမီးကတော့ ဝမ်းဗိုက်မှာ ဒဏ်ရာရခဲ့သလို သူ့အမျိုးသားဖြစ်သူက ခြေထောက်မှာ ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ PKPF တာဝန်ရှိသူက ပြောပါတယ်။
ဝမ်ပန်ရွာက အမျိုးသားနှစ်ဦးကတော့ ခြေထောက်နဲ့ ပေါင်တွေမှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတွေကို စစ်ဘေးဒုက္ခသည်ကူညီရေးအဖွဲ့တွေက ဆေးဝါးကုသပေးနေတယ်လို့ ဒေသခံက ပြောပါတယ်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နှစ်ရွာစလုံးမှာ နေအိမ် ငါးလုံးနီးပါး ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒေသအခြေစိုက် မီဒီယာအချို့မှာတော့ ရွာအနီးကို ကျရောက်ခဲ့တဲ့ လက်နက်ကြီးကျည်တွေ ဟာ ၁၂၀ (မမ) နဲ့ ၆၀ (မမ) အမျိုးအစားတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လွိုင်လင်လေးမြို့အခြေစိုက် ခလရ (၅၃၀) တပ်ကနေ တိုက်ပွဲမဖြစ်ဘဲ ရွာတွေဘက်ကို ပစ်ခဲ့တာလို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
လက်နက်ကြီးကြောင့် အရပ်သားတွေ ထိခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဒီနေ့မနက်ပိုင်း ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ကယားပြည်နယ်ထဲက အရပ်ဖက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေပေါ် အခြေခံပြီး RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စားရင်းအရ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်ထဲက လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း လက်နက်ကြီးကြောင့် ကလေးငယ် လေးဦးအပါအဝင် အရပ်သား (၁၃) ဦးသေဆုံးခဲ့ပြီး (၃၃) ဦး ဒဏ်ရာရခဲ့ပါတယ်။