ရွှေဘိုမှာ ဒရုန်းဗုံးကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် ခုနစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ချီပါတံတားကြီးအနီးမှာ မတ်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက ဒရုန်းဗုံးသီးသုံးလုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် အရပ်သား ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချီပါတံတားကြီးအနီးရွာတွေဖြစ်တဲ့ ချီပါနဲ့ မဲတောရွာက အမျိုးသားသုံးဦး၊ အမျိုးသမီးနှစ်ဦးနဲ့ ကလေးငယ်နှစ်ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

အဲဒီဒရုန်းဗုံးကို ရွှေဘိုအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၈) စစ်အခြေခံလေ့ကျင့်ရေးတပ်က ပစ်ချခဲ့တာလို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"လေ့ကျင့်ရေး (၈) ကနေပြီးတော့ ရွှေဘိုတောင်ဘက်ကို ရောက်ရှိလာပြီးတော့ ဒရုန်းကို စလွှတ်လိုက်တာပါ"

ဒေသကာကွယ်ရေးတပ်တွေရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မတ်လ ၃ ရက်နေ့ကလည်း ရွှေဘိုအရှေ့ခြမ်းရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြိမ်နှစ်ဆယ်ခန့် ပစ်ခတ်ခဲ့တာကြောင့် ရွာပေါင်း ၁၄ ရွာက ဒေသခံတွေ ထွက်ပြေးခဲ့ရတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

၂၀၁၄ ခုနှစ်၊ သန်ခေါင်စာရင်းအရ ရွှေဘိုမြို့နယ်မှာ လူဦးရေ နှစ်သိန်းကျော်နေထိုင်ပြီး မြို့ပေါ်မှာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ (၄၀) နဲ့ (၄၂) တပ်ရင်းတွေ အခြေစိုက်ထားပါတယ်။