မြိုင်မှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး သေဆုံး၊ တစ်ဦး အပြင်းအထန်ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ချောင်းဦးတိုရွာထဲကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ နိုဝင်ဘာလ ၆ ရက်နေ့ ည ၇ နာရီလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဒီကနေ့မှာ RFA ကို ပြောပါတယ်။

လက်နက်ကြီးထိမှန်လို့ ချောင်းဦးတိုရွာသား အသက် (၆၄) နှစ်အရွယ် ဦးကြီးရွှေ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ အသက် (၆၁) နှစ်အရွယ် ဒေါ်စိန်ဆင့်ကတော့ ခြေထောက် တစ်ဖက်ကို ဒူးအောက်ပိုင်းကနေ ဖြတ်လိုက်ရပြီး နောက်တစ်ဖက်က ခြေကျင်းဝတ် အောက်ပိုင်း တစ်ဝက်လောက်ပြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေဟာ ဝက်ပုတ်ရွာကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပစ်လိုက်တာ ရွာထဲကျတယ်။ အဲဒီ လင်မယားနှစ်ယောက်က ထမင်းစားနေတာ။ ထမင်းစားနေချိန်မှာ ကျလိုက်တော့ ယောင်္ကျားဖြစ်သူက ပွဲချင်းပြီး သေသွားတယ်။ ညတွင်းချင်းပဲ သင်္ဂြိုဟ်လိုက်တယ်။ မိန်းမဖြစ်သူက ခြေထောက်တွေ ဘာတွေ ပြတ်သွားတယ်။ အခုတော့ ဆေးရုံမှာပေါ့နော်"

လက်နက်ကြီးထိမှန် ဒဏ်ရာရထားတဲ့ အမျိုးသမီးကတော့ ဒဏ်ရာပြင်းထန်တာကြောင့် မန္တလေးဆေးရုံကြီးမှာ တက်ရောက် ကုသနေရတယ်လို့ ဆိုပါတယ်။

ဝက်ပုတ်ရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ဘေးပတ်လည် က ရွာတွေကို ပစ်ခတ်နေတာဖြစ်ပြီး သူတို့ဘက်က ဝင်ရောက်တိုက်ခိုက်တာ မရှိဘူးလို့ မြိုင် PDF ခေါင်းဆောင် ဗိုလ်လက်ျာက ပြောပါတယ်။

"လက်နက်ကြီးတွေ ဝက်ပုတ်ကနေ နေ့စဉ်လိုလို နေ့ခင်းတွေရော၊ ညတွေရော လျှောက်ပစ်နေတာ။ သူတို့ကို လာဝိုင်းမှာစိုးလို့ အမြဲတမ်းပစ်နေတာ။ ကျနော်တို့ဘက် က ပစ်ခတ်တိုက်ခိုက်တာ မရှိဘူး။ ကျနော်တို့က လာတိုက်မယ်လို့ တမင် သတင်း လွှင့်လိုက်တာ။ သူတို့ဘာသာကြောက်ပြီး ရွာကိုဝင်စီးမှာစိုးလို့ နီးတဲ့ ပတ်ဝန်းကျင် ရွာတွေကို ပစ်ခတ်နေတာ"

သရက်ကန်၊ တွင်းမ၊ သရက်ကွ၊ ကန်နီ စတဲ့ရွာတွေက ပျူစောထီးအဖွဲ့ဝင်တွေဟာ လက်ရှိ ဝက်ပုတ်ရွာက ပျူစောထီးတွေနဲ့ ပူးပေါင်းနေပြီး အဲဒီရွာမှာ စစ်ကောင်စီတပ်သားတွေက ၁၀ ဦးခန့်သာ ရှိနိုင်တယ်လို့ ဗိုလ်လကျ်ာက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ညမှာ PDF အဖွဲ့တွေက ဝက်ပုတ်ရွာကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် သူတို့ဘက်က အခုလိုကြိုပြီး ပြန်ပစ်ခတ်နေတာလို့ PDF အဖွဲ့တွေက ပြောပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ မနေ့ညကလည်း ဝက်ပုတ်ရွာကနေ အနောက်ဘက် ဝါးရင်းချိုင့် ရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဝက်ပုတ်ရွာနဲ့ ချောင်းဦးတိုရွာဟာ တစ်ပိုင်ခွဲခန့်သာဝေးပြီး လက်ရှိ လက်နက်ကြီးနဲ့ အပစ် ခံခဲ့ရတာကြောင့် ချောင်းဦးတိုရွာက ဒေသခံအချို့ဟာ ဘေးလွတ်ရာ ထွက်ပြေးနေကြ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။