အင်းစိန်ထောင်ဗုံးကွဲမှု စုံစမ်းအရေးယူမယ်လို့ NUG ပြော

ရန်ကုန်၊ အင်းစိန်ထောင် ဗုံးဖောက်ခွဲခံရပြီး အရပ်သားတွေ သေဆုံးရတဲ့ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အရပ်သားတွေ ထိခိုက်သေဆုံးတဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်းနဲ့ ကျူးလွန်ခဲ့တဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်လို့လည်း NUG ကပြောပါတယ်။

"ကျနော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရကတော့ ပြောထားပြီးသား၊ တော်လှန်ရေး အင်အားစုတွေအနေနဲ့ code of conduct ကို အပြည့်အဝ လိုက်နာရမယ်။ အကြမ်းဖက် စစ်ကောင်စီလက်အောက်ကနေ အမြန်လွှတ်မြောက်ဖို့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ ပြည်သူ့တွေကို ထိခိုက်နစ်နာအောင် မလုပ်ရဘူးဆိုတာ ကျနော်တို့ ပြောထားပြီးသား။ ဘယ်သူလုပ်လုပ် လုပ်တဲ့သူက တရားဥပဒေအရ အရေးယူတာခံရမယ်။နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ ထောင်ဝင်စာဝင်ချိန် အကျဉ်းထောင်ထဲမှာ ဗုံးဖောက်တာ လုံးဝလက်ခံနိုင်စရာမရှိဘူး။ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ လုံးဝမဖြစ်သင့်ဘူး။ အင်းစိန်ထောင်မှာ ဖြစ်တဲ့ကိစ္စက ဗုံးဖောက်လို့ သေတာလား၊ စစ်သားတွေ ရမ်းပစ်လို့သေလား ဘယ်သူ့မှသေချာ မသိသေးဘူး"လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇောက RFA ကိုပြောပါတယ်။

ဒီဖောက်ခွဲမှုကို သူတို့လုပ်ခဲ့တာလို့ Special Task Agency of Burma(STA) ဆိုတဲ့ လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။

STA အဖွဲ့ဆိုတာဟာ စစ်အာဏာရှင်အမြစ်ပြတ်အောင် တိုက်နေတဲ့ မြို့ပြစစ်သည်အဖွဲ့ဖြစ်ပြီး ဘယ်နိုင်ငံရေး အင်အားစု၊ အဖွဲ့အစည်းနဲ့မှ ပတ်သက်ဆက်နွယ်တာ မရှိဘူးလို့ အဲဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာပါပါတယ်။ RFA က အဲဒီဖောက်ခွဲရေးလုပ်ခဲ့တဲ့ STA အဖွဲ့ကို ဆက်သွယ်လို့ မရပါဘူး။

ဒီဗုံးဖောက်ခွဲမှုကြောင့် အကျဉ်းဦးစီးဝန်ထမ်း သုံးဦး အပါအဝင် ထောင်ဝင်စာလာပို့တဲ့ အရပ်သား ငါးဦး၊ စုစုပေါင်းရှစ်ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဖောက်ခွဲမှုပြီးနောက် စစ်တပ်ဘက်က ရမ်းသမ်းပစ်ခတ်ခဲ့လို့ အရပ်သားတွေ ထိခိုက်ခဲ့တယ်လို့လည်း ဖောက်ခွဲရေးလုပ်ခဲ့တဲ့ STA အဖွဲ့က သူတို့ထုတ်ပြန်ချက်မှာ ပြောဆိုထားပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

စစ်ကောင်စီဘက်ကတော့ ဖောက်ခွဲမှုဖြစ်ပြီးနောက် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ဟာ အင်းစိန်ထောင်ကို သွားရောက်ပြီး ဒဏ်ရာရသူတွေကို တွေ့ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဘက်ကတော့ စစ်ကောင်စီကို ခုခံတော်လှန်တဲ့နေရာမှာ ဒေသခံကာကွယ်ရေး တပ်တွေအနေနဲ့ စစ်ကျင့်ဝတ်စည်းကမ်းတွေနဲ့ အညီဆောင်ရွက်နေပြီး၊ အရပ်သားတွေကို ခြိမ်းခြောက်တာ၊ ပစ်မှတ်ထားတိုက်ခိုက်တာတွေ မလုပ်ဘူးလို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။