အင်းစိန်အကျဉ်းထောင်မှာ ဗုံးဖောက်ခွဲခဲ့တဲ့ လူငယ်တွေကို ဖမ်းမိပြီလို့ စစ်ကောင်စီက နိုဝင်ဘာလ ၁၄ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ဒီဖောက်ခွဲမှုကို Special Task Agency of Burma (STA) အထူးတာဝန်လုပ်ငန်းအဖွဲ့ဝင် ကိုကောင်းထက်(ခ) ဖိုးစီက လုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အမျိုးသမီးဖြစ်သူ မချမ်းမြေ့သူ (ခ) ဂျူးဂျူးက ဖောက်ခွဲမှုဗီဒီယိုကို လူမှုကွန်ရက်မှာ ဖြန့်ဝေခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က အင်းစိန်ထောင်ဝင်စာဌာနမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် စုစုပေါင်း ၈ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ဖမ်းဆီးခံထားရတဲ့ ဗကသကျောင်းသားဟောင်း ကိုလင်းထက်နိုင် (ခေါ်) ကိုဂျိမ်းရဲ့ မိခင်ဖြစ်သူ ဒေါ်ကြီးမြင့်လည်း ပါဝင်ခဲ့ပါတယ်။
ဒီဖောက်ခွဲမှုဟာ အင်းစိန်ထောင်မှူးကို ရှင်းလင်းဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး၊ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတချို့ သေဆုံးခဲ့တာလို့ Special Task Agency of Burma (STA) အဖွဲ့က အဲဒီနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ အဲဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး ငြင်းဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဒီဖောက်ခွဲမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီက အခုဖမ်းဆီးလိုက်တဲ့ ကိုကောင်းထက်ဟာ မြန်မာ့မီးရထားဝန်ထမ်းဌာနကနေ အစောဆုံး CDM လုပ်ခဲ့တဲ့ ဝန်ထမ်းတွေထဲက တစ်ဦးဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါပါတယ်။ ဒီဖောက်ခွဲမှုကို လုပ်ခဲ့တယ်ဆိုတဲ့ ကိုကောင်းထက်ဟာ သူတို့အဖွဲ့ဝင် ဟုတ်၊ မဟုတ် STA အဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။