လုပ်ငန်းရှင်တွေ ကျင့်ဝတ်ရှိကြဖို့ အဂတိကော်မရှင်တိုက်တွန်း

သီဟထွန်း
2019.12.09
aungkyi-accm-622 အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို ၂၀၁၉၊ ဒီဇင်ဘာ ၉ ရက်နေ့ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ တွေ့ရစဥ်
ဓါတ်ပုံ - သီဟထွန်း/ RFA

အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အစိုးရဝန်ထမ်းတွေဘက်က ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေသလို စီးပွားရေး လုပ်ငန်းရှင်တွေဘက်ကလည်း အဂတိလိုက်စားမှုကို ဆန့်ကျင်တဲ့ ကျင့်ဝတ်တွေ ကိုယ်တိုင်ရေးဆွဲပြီး တာဝန်ယူမူရှိရှိနဲ့ လိုက်နာကျင့်သုံးဖို့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က တိုက်တွန်းလိုက်ပါတယ်။

နေပြည်တော်က MICC 2 မှာ ဒီနေ့ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနဲ့ ကုလသမဂ္ဂ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗန်းရှင်းရဲ့ ၁၆ နှစ်ပြည့် အခမ်းအနားမှာ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားခဲ့တာပါ။



အခမ်းအနားမှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ကော်မရှင်ဟာ လာဘ်ပေးလာဘ်ယူကိစ္စသာမက တိုင်းပြည်ရဲ့ ငွေကြေး၊ ပစ္စည်းနဲ့ ပိုင်ဆိုင်မှုတွေကို ထိခိုက်နစ်နာ ဆုံးရှုံးမှု လျော့ကျစေဖို့ ဆောင်ရွက်နိုင်ပြီလို့ ပြောကြားခဲ့ပါတယ်။

အဂတိ လိုက်စားမှုဟာ လူထုကြား မညီမျှမူနဲ့ ဆင်းရဲနွမ်းပါးမှုကို သက်ဆိုးရှည်စေတယ်လို့လည်း ဆိုပါတယ်။ ပြည်သူတွေ ကိုယ်စိတ် ချမ်းသာမှုနဲ့ ဝင်ငွေခွဲဝေမှု အပေါ် ထိခိုက်စေသလို လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးတို့မှာ ညီတူညီမျှ ပါဝင်နိုင်တဲ့ အခွင့်အရေးကို လျော့ကျစေတယ်လို့ သမ္မတက ပြောပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ဝန်ကြီးဌာနတွေမှာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ CPU ၃၆ ခုကို ဖွဲ့စည်းထားပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် အဂတိလိုက်စားမှု သိသိသာသာ လျော့ကျအောင် လုပ်နိုင်မှာဖြစ်သလို ဝန်ထမ်းတွေအတွက်လည်း ထိခိုက်မှု အနည်းဆုံးနဲ့ အဂတိလိုက်စားမှု ဘေးအန္တရာယ်ကနေ ကင်းဝေးအောင် ပြုပြင်ပြောင်းလဲနိုင်မယ်လို့ ပြောပါတယ်။

ဒီနေ့ အခမ်းအနားကို အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ လွှတ်တော်က တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂ လက်အောက်ခံ UNODC နဲ့ UNDP က တာဝန်ရှိသူတွေ၊ နိုင်ငံတကာက သံတမန်တွေ တက်ရောက်ကြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။