အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်နိုင်ငံက မြန်မာအလုပ်သမားခေါ်ယူမှု ပိုများလာ

ဂျပန်နိုင်ငံက စက်ရုံနဲ့ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံကနေ အလုပ်သမားခေါ်ယူတာ အရင်ကထက် ပိုများလာတယ်လို့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး တရားဝင်လိုင်စင်ရ ကုမ္ပဏီတွေက ပြောပါတယ်။

အဲဒီအထဲမှာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအလုပ်တွေနဲ့ အလုပ်သင်တွေခေါ်တာ ပိုများတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အကြံပေးကုမ္ပဏီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

“ အခေါ်များတာကတော့ သူတို့ ဂျပန်ဘက်ခြမ်းမှာ လိုအပ်ချက်ရှိတယ်ဆိုတဲ့ အလျောက်ပေါ့နော်။ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ သူနာပြုနဲ့ ခပ်ဆင်ဆင် ပေါ့နော်။ သူနာပြုကိုလည်း ပြန်ခွဲထားတာတွေ ရှိတာဆိုတော့ အဲလိုမျိုးတွေလည်း အခေါ်များတယ်။ တခြား အလုပ်သင်နဲ့ဆိုင်တဲ့ အမျိုးအစားကတော့ တော်တော်များများ ရှိပါတယ်။ နှစ်ရာကျော်လား ရှိတယ်။ အဲဒါလည်း တော်တော်များများ ခေါ်ပါတယ် ”

စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း အလုပ်သမားခေါ်ယူမှုဟာ အရင်ကထက်တောင် ပိုများလာတယ်လို့လည်း ကုမ္ပဏီတွေက ဆိုပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့အခြေစိုက် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း ဂျပန်ကုမ္ပဏီ၊ စက်ရုံတွေကနေ မြန်မာအလုပ်သမားတွေကို ခေါ်ယူမယ့် အလုပ်ကမ်းလှမ်းစာ ၂၂၄ စောင်ရရှိထားတယ်လို့ နိုဝင်ဘာလ ၁၅ ရက် မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဂျပန်ကနေ မြန်မာအလုပ်သမားတွေကို ခေါ်ယူတဲ့ အလုပ်ကမ်းလှမ်းစာတွေကို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက လစဉ်ထုတ်ပြန်ပေးလေ့ရှိပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း အလုပ်ကမ်းလှမ်းစာ အစောင် ၁၈၀ ရရှိထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။