ဂျပန်နိုင်ငံသား တိုရူကူဘိုတာ ပုဒ်မနှစ်ခုအတွက် ထောင်ခုနစ်နှစ် ချမှတ်ခံရ

2022.10.06
Share on WhatsApp
Share on WhatsApp
ဂျပန်နိုင်ငံသား တိုရူကူဘိုတာ ပုဒ်မနှစ်ခုအတွက် ထောင်ခုနစ်နှစ် ချမှတ်ခံရ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Toru Kubota ကို တွေ့ရစဥ်။
Photo: aamij

ရန်ကုန်မြို့မှာ ဖမ်းဆီးခံထားရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ မစ္စတာ တိုရူကူဘိုတာ (Toru Kubota) ကို အောက်တိုဘာ ၅ ရက် မနေ့က ပုဒ်မနှစ်ခုအတွက် ထောင်ဒဏ်ခုနစ်နှစ် ချမှတ်လိုက်တယ်လို့ စစ်ကောင်စီပြန်ကြားရေးအဖွဲ့က အောက်တိုဘာ ၆ ရက် ဒီကနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

သူ့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ - က နဲ့ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ - ၃၃ (က) စတဲ့ ပုဒ်မနှစ်ခုအတွက် တစ်ပေါင်းတည်း ထောင်ခုနစ်နှစ် ချမှတ်လိုက်တာလို့ ဆိုပါတယ်။

နောက်ထပ်ကျန်ရှိနေသေးတဲ့ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေ ပုဒ်မ -၁၃ (၁) နဲ့ စွဲဆိုခံထားရတဲ့ အမှုကိုတော့ စစ်တရားရုံးမှာ ဆက်လက် ရင်ဆိုင်ရဦးမှာ ဖြစ်တယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။

မစ္စတာ တိုရူကူဘိုတာ ဟာ အင်းစိန်ထောင်တွင်းမှာရှိတဲ့ စစ်ခုံရုံးမှာ အမှုစီရင်ခံရတာဖြစ် ပြီး စောင့်ကြည့်နေရုံသာ တတ်နိုင်တယ်လို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ တရား လွှတ်တော် ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

"ပုဒ်မ - ၁၃ (၁) ဆိုတာက နိုင်ငံခြားသားကို စွဲတာပေါ့။ အဲဒီမှာ အမြင့်ဆုံးက ထောင်ဒဏ် နှစ်နှစ်ပေါ့။ နောက် ငွေဒဏ်ရော။ ဥပဒေမှာတော့ ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်စလုံး ကျခံနိုင်တယ်လို့ ဖော်ပြထားပါတယ်၊ စစ်တရားရုံးက စီရင်ချက်ချတဲ့ အမှုဖြစ်နေလို့ ဆရာတို့က စောင့်ကြည့်နေရုံပဲ တတ်နိုင်ပါတယ်"

မစ္စတာ တိုရူကူဘိုတာဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း) မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုကို မှတ်တမ်းဓာတ်ပုံ ရိုက်ကူးနေစဉ် ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတာပါ။

မစ္စတာ တိုရူကူဘိုတာကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့က တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောခွင့်ရခဲ့ပြီး အပြင်မှာ တွေ့ခွင့်ပေးဖို့ ခွင့်တောင်းပေမယ့် စစ်ကောင်စီက ကိုဗစ် - ၁၉ ကပ်ရောဂါအကြောင်းပြချက်နဲ့ ပယ်ချခဲ့ ပါတယ်။

မစ္စတာ တိုရူကူဘိုတာကို ပြန်လွှတ်ပေးဖို့ ၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာလည်း ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့သလို ဂျပန်အစိုးရကလည်း အမြန်ဆုံး ပြန်လွှတ် ပေးဖို့ တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။