ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့က သတင်းထောက်တစ်ဦး အပါအဝင် ဒေသခံသုံးဦးကို ဒီနေ့ စက်တင်ဘာလ ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ တောင်ကုတ်မြို့ခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၁၈ ရက်နေ့ မနက် ၂ နာရီဝန်းကျင်မှာ အသက်၅၈ နှစ်အရွယ် ဦးထွန်းချစ် ဖမ်းဆီးခံရပြီး ၁၀ နာရီဝန်းကျင်မှာတော့ ဂူတာရပ်ကွက်၊ အေးရိပ်ငြိမ်ကားဝန်းအနီးမှာ ရုထောင့်ဂျာနယ်ကသတင်းထောက် ကိုကိုဦး နဲ့ ဒေသခံ ကိုစိုးဝင်းချေတို့ကို ဖမ်းဆီးခံ ခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"AA နဲ့ ဆက်စပ်ပြီး ဖမ်းသွားတာတော့ မဟုတ်ဘူး။ တခြားအမှုကိစ္စတစ်ခုနဲ့ ဖမ်းသွား တာဗျ။ ရဲတွေ ဖမ်းသွားတာ။ ဖမ်းသွားတာတော့ သေချာတယ် ရဲတွေ ဖမ်းသွားတာ။ ရဲတွေဖမ်းသွားတော့ ရဲစခန်းမှာပဲ ရှိမယ်ထင်တယ်။ အတိအကျတော့ မသိရဘူး"
သူတို့ကို ဘာကြောင့်ဖမ်းဆီးခံရတယ်၊ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ သိရဖို့ RFA က စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းနဲ့ တောင်ကုတ်မြို့နယ် ရဲစခန်းကို ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
မြန်မာသတင်းသမားတွေ ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်း တစ်နှစ်ကျော်အတွင်း အဖမ်းခံရတဲ့ သတင်းသမားပေါင်း ၁၄၀ ဦးရှိခဲ့ပြီး အဲဒီအထဲက ၅၅ ဦးက အချုပ်နဲ့ အကျဉ်းထောင်အသီးသီးမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။
