၂ဝ၂၂ ခုနှစ်အတွင်း မြန်မာသတင်းသမား ၄၂ ဦး အကျဉ်းချခံရ

၂ဝ၂၂ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ သတင်းသမား ၄၂ ယောက်ထက်မနည်း ထောင်ချခံခဲ့ရတယ်လို့ နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ) ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်မှာ ထောင်ချခံရတဲ့ မြန်မာသတင်းသမား အယောက် ၃ဝ ပဲရှိခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်ထက် ဒီနှစ်မှာ ၁၂ ယောက်ပို ထောင်ချခံရတာ ဖြစ်ပါတယ်။

ဒီ ၂ဝ၂၂ ခုနှစ်အတွင်း ကမ္ဘာတဝန်း သတင်းထောက်တွေ ထောင်ချခံရတဲ့ အရေအတွက်ဟာ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ CPJ က ထုတ်ပြန်ပါတယ်။

အာရှနိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ထောင်ချတဲ့အဆိုးဆုံးနိုင်ငံတွေဖြစ်ပြီး အဲဒီထဲမှာ တရုတ်၊ အီရန်နဲ့ မြန်မာနိုင်ငံတို့ဟာ အဆိုးဆုံးထိပ်တန်း သုံးနိုင်ငံအဖြစ် ရှိနေပါတယ်။

ဒီလိုထောင်ချခံရတဲ့ သတင်းသမားအရေအတွက် များလာနေတာဟာ ကမ္ဘာတဝန်း ဒီမိုကရေစီစနစ် ယိုယွင်းပျက်စီးလာနေတာကို ပြသတယ်လို့ CPJ ဥက္ကဋ္ဌ Jodie Ginsberg ကပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမားတွေ အရင်ကထက်နှစ်ဆ ဖိနှိပ်ခံရပြီး ဖမ်းဆီးခံသတင်းသမားတွေဟာလည်း ပြင်းထန်တဲ့ ပြစ်ဒဏ်တွေချမှတ်နေတယ်လို့ CPJ က ထောက်ပြပါတယ်။

မြန်မာသတင်းသမားတွေ မှတ်တမ်းတင်ထားတဲ့စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ သတင်းသမား ၁၅၁ ယောက် ဖမ်းဆီးခံခဲ့ရပြီး သုံးယောက် သတ်ဖြတ်ခံခဲ့ရပါတယ်။ စစ်ကောင်စီဟာ သတင်းမီဒီယာ ၁၃ ခုကို ထုတ်ဝေခွင့်ရပ်နားထားပါတယ်။