သတင်းသမားတွေထောင်ချခံရမှု ဒုတိယအဆိုးဆုံးနိုင်ငံ မြန်မာဖြစ်နေ
2024.03.22
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ ဒုတိယမြောက် အဆိုးဝါးဆုံးနိုင်ငံဖြစ်တယ်လို့ နယူးယောက်မြို့အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က ထုတ်ပြန်ပါတယ်။
၂ဝ၂၃ ခုနှစ် သတင်းသမားတွေ အကျဉ်းကျခံနေရတဲ့အခြေအနေနဲ့ပတ်သက်ပြီး CPJ က ထုတ်ပြန်လိုက်တာပါ။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့အထိ တစ်ကမ္ဘာလုံးမှာ သတင်းသမား ၃၂၀ အကျဉ်းကျခံခဲ့ရပြီး အဆိုးရွားဆုံး ထိပ်တန်း ၅ နေရာမှာ တရုတ်နိုင်ငံက ၄၄ ဦး၊ မြန်မာနိုင်ငံက ၄၃ ဦး ၊ ဘယ်လာရုစ်က ၂၈ ဦး၊ ရုရှားက ၂၂ ဦးနဲ့ ဗီယက်နမ်နိုင်ငံက ၁၉ ဦးရှိတယ်လို့ ဆိုပါတယ်။
ဒီအရေအတွက်ဟာ CPJ စတင်စာရင်းပြုစုခဲ့တဲ့ ၁၉၉၂ ခုနှစ်ကစပြီး ဒုတိယအကြိမ် အများဆုံး စံချိန်တင်တာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
၂ဝ၂၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံမှာ သတင်းသမားတွေအပေါ် ဖိနှိပ်မှုဆိုးဝါးလာတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာ၊ လွတ်လပ်စွာ သတင်းစီးဆင်းမှုတွေကို ပိတ်ဆို့တာနဲ့ သတင်းသမားတွေ နိုင်ငံပြင်ပရောက်အောင် အတင်းအကျပ်ဖိနှိပ်တာတွေကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့် ပျက်သုဉ်းခဲ့ရပြီး စစ်တပ်အာဏာသိမ်းမှု သုံးနှစ်ကြာပြီးနောက်မှာလည်း သတင်းသမားတွေဟာ ပစ်မှတ်ထားခံနေရဆဲဖြစ်တယ်လို့ CPJ က ထောက်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် မေလက မိုခါမုန်တိုင်းဒဏ်ခံရတဲ့ ရခိုင်ပြည်နယ်အခြေအနေ သတင်းရယူနေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ Myanmar Now သတင်းထောက် ကိုစိုင်းဇော်သိုက်ကို ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ထားတာဟာ ၂ဝ၂၁ အာဏာသိမ်းမှုနောက်ပိုင်း သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့ ပြစ်ဒဏ်တွေထဲ နှစ်အများဆုံးဖြစ်တယ်လို့ CPJ က ဆိုပါတယ်။