ရခိုင်ပြည်နယ်အခြေစိုက် သတင်းထောက် ကိုမြတ်သူထွန်း (ခေါ်) ကိုဖိုးသီဟ သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ ကျူးလွန်သူတွေကို ချက်ချင်းအပြစ်ပေး အရေးယူပေးဖို့ နိုင်ငံတကာသတင်းထောက်များအဖွဲ့ချုပ် (IFJ) နဲ့ မြန်မာသတင်းထောက်များကွန်ရက် (MJN) က စစ်ကောင်စီကို ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ သတင်းသမားတွေကို ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ ချက်ချင်းရပ်တန့်ဖို့လည်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
သတင်းထောက် ကိုမြတ်သူထွန်းဟာ မြောက်ဦးအခြေစိုက်၊ ခမရ (၃၇၈) တပ်ရင်း အချုပ်ခန်းထဲမှာ ဖမ်းဆီးခံထားရချိန် ဇန်နဝါရီလ ၃၁ ရက်နေ့က သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီရဲ့ခြေမြန်တပ်ရင်း ခမရ (၃၇၈)ကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ သတင်းထောက် ကိုမြတ်သူထွန်းအပါအဝင် တခြားနိုင်ငံရေးအကျဉ်းသား ခြောက်ဦးရဲ့ ရုပ်အလောင်းတွေ ဗုံးခိုကျင်းတစ်ခုထဲမှာ ပစ်ထားတာကို ရှာတွေ့ခဲ့တာဖြစ်ပြီး ရုပ်အလောင်းတွေမှာ ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။
ဒီလိုသတ်ဖြတ်ခံရမှုဟာ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ အလုပ်လုပ်နေတဲ့ သတင်းသမားတွေအတွက် အမြင့်မားဆုံး ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ဒီဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံက သတင်းသမားတွေဟာ စစ်ကောင်စီတပ်တွေရဲ့သတ်ဖြတ်တာကို အချိန်မရွေးခံရနိုင်တယ်ဆိုတာ ပြသနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတင်းသမားများကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ကလည်း ကိုမြတ်သူထွန်း အသတ်ခံရတဲ့ကိစ္စကို စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို အရေးယူပေးဖို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။
သတင်းထောက် ကိုမြတ်သူထွန်းဟာ Western news၊ 7 Day၊ DVB၊ The Voice၊ DMG နဲ့ အခြား ပြည်တွင်း၊ ပြည်ပ သတင်းဌာနအချို့မှာ နှစ်ပေါင်းများစွာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။