ပြီးခဲ့တဲ့ အပတ်က မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်ရာက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဆန်တချို့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်နိမိတ်ထဲကို ကျရောက်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ခေါ်ယူသတိပေးခဲ့ပေမယ့်၊ နှစ်နိုင်ငံနယ်စပ်မှာ ဒီလို ဖြစ်ရပ်တွေ ဆက်ဖြစ်နေသေးတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းစာတွေက သတင်းဖော်ပြခဲ့ပါတယ်။
ဒါကာထရီဗြူး သတင်းစာရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကအထိ မြန်မာဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘန် ခရိုင်ထဲကို နေ့စဥ်ရက်ဆက် ကျရောက်ပေါက်ကွဲနေတယ်လို့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ရက်က မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးမှာ ရှိတဲ့ မောင်တောမြို့နယ်ထဲက စခန်းတစ်ခုကို ရက္ခိုင့်တပ်တော် AA တပ်တွေ သိမ်းပိုက်လိုက်တဲ့နောက်၊ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်လာတာဖြစ်ပြီး၊ မြန်မာစစ်တပ်က ပစ်လိုက်တဲ့ ဒုံးကျည်အချို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ကျရောက် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။
ပြီးခဲ့တဲ့အပတ်ကဆိုရင် ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတာ သုံးရက်လောက် နေ့တိုင်းဖြစ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး တပ်က အရာရှိတစ်ဦးက ဒါကာထရီဗြူး သတင်းစာကို ပြောထားပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ဟာ လေကြောင်းက တိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ ဘင်္ဂလာဒေ့ရှ် လေပိုင်နက်ထဲကို ကျူးကျော်လာခဲ့တယ်လို့လည်း စွပ်စွဲထားပြီး၊ ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာ သံအမတ် ဦးအောင်ကျော်မိုးကို စက်တင်ဘာလ ၄ရက်နေ့က သုံးကြိမ် မြောက် ခေါ်ယူကန့်ကွက်ခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။