ကန့်ဘလူမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ဝဝဝ ကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကနား၊နှောကုန်း၊ လျော်ဖြူကုန်း စတဲ့ကျေးရွာတွေကို မနေ့က စစ်ကောင်စီက ဂျက်လေယာဉ်တွေနဲ့ လာပစ်ပြီး စစ်သားအင်းအားတွေပါ လာချသွားတဲ့အတွက် ပြည်သူ ၄၀၀၀ ကျော် ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အိမ်ခြေ ၃၀၀ ရှိတဲ့ ဇီးကနားရွာကိုလည်း စစ်ကောင်စီက ဒီနေ့နေ့လယ် ၃ နာရီက စတင်ပြီး မီးရှို့နေတယ်လို့ ပြောပါတယ်။

"လူဦးရေ အနည်းဆုံးက ၄၀၀၀ လောက် ကျနော်တို့ ထွက်ပြေးနေရပြီဗျ။ ထွက်ပြေးနေရတဲ့အနေအထားမှာ ညကြီးမင်းကြီး ကယ်ထုတ်ခဲ့တဲ့ အနေအထားတွေလည်းရှိတယ်။ နောက်ခဏကလည်း သုံးဘီး သုံးစီးနဲ့ အဲလိုမျိုးကယ်ထုတ်ခဲ့တာလည်း ရှိတယ်ဗျ။ အဲက ကျနော်တို့ ဘေးလွှတ်ရာကို ရွှေ့ပြောင်းပြီးပြီပေါ့နော်။ ဒီကနေ့ကတော့ ချပ်ကုန်းဘက်ကလည်း တချို့ထွက်ပြေးလာတာရှိတယ်။ အခုညနေ ၃ နာရီလောက်ကနေလည်း ဇီးကနားရွာကို မီးရှို့နေတယ်။ အခုထိတော့ ၅ အိမ်လောက်ပါသွားပြီ" လို့ ဇီးကနားကျေးရွာ ဒေသခံတစ်ဦးကပြောပါတယ်။

မနေ့က နေ့လည် ၁ နာရီလောက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာပစ်ပြီး စစ်သားအင်အားတွေ လာချတဲ့အတွက် ဒေသခံတွေ ထွက်ပြေးရတာဖြစ်ပြီး အခုထိ ဒေသခံတချို့နဲ့ ကျောင်းသားတွေ အယောက် ၁၀၀ ကျော် ပိတ်မိနေဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။

" မနေ့က ၁ နာရီလောက်က လေယာဉ်နဲ့ ဗုံးလာကျဲတဲ့အခါကြတော့ ဘုန်းကြီးကျောင်းတွေထဲလည်း ပြေးကြတယ်။စပါးခင်း လယ်ခင်းတွေထဲမှာ ထွက်ပြေးတဲ့ဟာတွေလည်းရှိတယ်။ မနေ့က ၁ နာရီလောက်မှာ စပစ်တာ ဗိုက်ဖောင်းနှစ်စီးနဲ့ ဂျက်ဖိုက်တာ နှစ်စီးပေါ့ဗျ။ အဲတာနှစ်စင်းက လူချပြီးတော့ နှစ်စီးက အပေါ်ကပတ်ပစ်တာ၊ နှစ်နာရီလောက်ကြာတယ်။ပြည်သူတွေ ထိတာတော့ မရှိတော့ နေအိမ်တွေ ပျက်စီးတာတော့ရှိတယ်။ ဇီးကနား နှောကုန်း၊ လျော်ဖြူကုန်းအဲဒီ ၃ ရွာက ကျောင်းသားလေးတွေပါတယ်။ ကျောင်းသားလေးတွေ ၁၀၀ လောက် ပိတ်မိနေသေးတယ်။ ၉ တန်း ၁၀ တန်းကျောင်းသားတွေပေါ့"လို့ လျော်ဖြူကုန်းရွာ ဒေသခံတစ်ဦးကပြောပါတယ်။

အဲဒီရွာတွေက အရင်ကတည်းက မီးရှို့ခံထားရတာဖြစ်ပြီး အရင်ကတည်းက ထွက်ပြေး တိမ်းရှောင်နေတဲ့ ပြည်သူဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တိုင်းအမှတ် ဦးနေဇင်လတ်က ပြောပါတယ်။

အခု စစ်ကောင်စီစစ်ကြောင်းက ကျွန်းလှမြို့နယ် နောင်ဦးကျေးရွာဘက်က ရွှေ့လာတာဖြစ်ပြီး တိုက်ပွဲတွေကလည်း ရှိနေသေးတာဖြစ်ပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ပြောပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက ကန့်ဘလူမြို့နယ်က ကျေးရွာ ၃၀ ကျော် မီးရှို့ခံရပြီး ပြည်သူ နှစ်သောင်းခန့် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဦးနေဇင်လတ်ကပြောပါတယ်။