ရခိုင်ပြည်နယ်၊ ပေါက်တော၊ သံတွဲနဲ့ တောင်ကုတ်မြို့နယ်မှာ ဒီဇင်ဘာလ ၂၁ ရက်နေ့က အရပ်သား ၁၅ ဦးကို စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၂၁ ရက် ညနေပိုင်း ပေါက်တောမြို့နယ်ကနေ စစ်တွေမြို့ဘက်ကို စားနပ်ရိက္ခာ လာဝယ်တဲ့ အမျိုးသမီး သုံးဦးနဲ့ အမျိုးသား ရှစ်ဦး ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေမြို့ခံတစ်ဦးက စစ်ကောင်စီရေတပ်ဟာ ဒေသခံတွေကို မြစ်အတွင်း သွားလာခွင့် ကန့်သတ်ထားပြီး အဲဒီလို သွားလာသူတွေကို ဖမ်းဆီးနေတာလို့ RFA ကို ပြောပါတယ်။
“ပေါက်တောဘက်မှာက စားနပ်ရိက္ခာ ပြတ်လပ်လာတော့ စစ်တွေဘက်အခြမ်းကို ရိက္ခာလာဝယ်ကြတာ။ အဲဒီလူတွေ အဖမ်းခံရတယ်လို့တော့ သိထားပါတယ်။ မြစ်အတွင်း သွားလာခွင့်ကို စစ်ကောင်စီရဲ့ ရေတပ်က တားမြစ်ထားတယ်”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပေါက်တောဒေသခံ တစ်ဦးကလည်း ပေါက်တောမြို့က ဒေသခံတွေဟာ စစ်တွေမြို့ဘက်အခြမ်းကိုသွားရင် စစ်ကောင်စီရေတပ်က ဖမ်းဆီး နေတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးကုသဖို့ အခက်အခဲ ဖြစ်နေရတယ်လို့ RFA ကို ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ည ထုတ်ပြန်ချက်ထဲမှာလည်း ပေါက်တောဒေသခံ ၁၁ ဦးကို ပေါက်တောမြို့၊ ရဖီးချပ်တောင်အောက်ဘက်မှာ ရပ်ထားတဲ့ စစ်ကောင်စီရေတပ် (၄၄၃) က ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် သံတွဲမြို့နယ်၊ ကင်းမော်ရွာက အသက် ၅၀ အရွယ် ဒေသခံတစ်ဦးကိုလည်း စစ်ကောင်စီ တပ်နဲ့ရဲ စုစုပေါင်း ၁၅ ဦးခန့် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ငပလီအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၅) မှာ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တောင်ကုတ်မြို့နယ်ထဲမှာလည်း တောင်ကုတ်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၄၄) နဲ့ ခမရ (၃၄၆) တို့က စစ်ကောင်စီတပ်သား အင်အား ငါးဆယ်ခန့်ပါတဲ့ စစ်ကြောင်းဟာ တပျော့ရွာထဲကိုဝင်ပြီး ဒေသခံ ခြောက်ဦးကို ဖမ်းဆီးခဲ့သလို သုံးဦးကို ပြန်လွှတ်ပေး ခဲ့ပေမယ့် သုံးဦးကို ဆက်လက် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ရခိုင်မှာ အခုတစ်ကျော့ပြန် တိုက်ပွဲအတွင်း ဒီဇင်ဘာ ၄ ရက်နေ့အထိ အရပ်သား ၁၃၀ ကျော်ကို စစ်ကောင်စီတပ်က ဥပဒေမဲ့ ဖမ်းဆီးထားတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ဒီဇင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။