စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် လယ်ကြီးရွာအနီး မန္တလေး-မုံရွာ ကားလမ်းမပေါ်က ခရီးသွားပြည်သူ လေးဆယ်နီးပါးကို ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းမယ်ဆိုပြီး ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ဝန်းကျင် အမျိုးသမီးနဲ့ အမျိုးသားတွေဖြစ်ပြီး သူတို့ကို ဘယ်ကိုခေါ်သွားလဲ မသိရသေးဘူးလို့ မျက်မြင်တွေ့ရှိခဲ့ရတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဖမ်းခံရတာကတော့ အဝေးကနေ လှမ်းရေကြည့်တာတောင် လေးဆယ်လောက်ရှိတယ်ဗျ။ မန္တလေး-မုံရွာ ကားလမ်းမပေါ်က ဖမ်းတာပါ။ လာသမျှကား၊ ဆိုင်ကယ်တွေကို တားပြီး စစ်တယ်။ ပြီးတော့ လူငယ်တချို့ကို လမ်းမဘေးငုတ်တုတ်ထိုင်ခိုင်းထားတာပါ"
ခရီးသွားတွေကို ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့မှာ အင်အားခြောက်ဆယ်ကျော်ရှိတယ်လို့ သူက ပြောပါတယ်။
ခရီးသွားတွေကိုဖမ်းဆီးတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း၊ စစ်ကောင်စီပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၉ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ပြည်သူ ၂၀,၀၇၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး အဲဒီထဲက ၈၇၇၆ ဦးက ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။