မုန်း‌မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သားခုနစ်ဦးသေဆုံး

ပဲခူးတိုင်းအရှေ့ခြမ်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်မှာ စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သားခုနှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင် အမျိုးသားအစည်းအရုံး(KNU) ဗဟိုက မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ပြည်သူလူထုကို ပစ်မှတ်ထားပြီး ရွာတွေထဲကို လက်နက်ကြီးရော ဒရုန်းတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် မတ် ၄ ရက်ကနေ မတ် ၈ ရက်အတွင်း သေဆုံးရတဲ့အရေအတွက် ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အရပ်သား ၁၄ ဦးဒဏ်ရာရခဲ့သလို နေအိမ် ခုနစ်လုံးနဲ့ စာသင်ကျောင်းတစ်ကျောင်းပျက်စီးခဲ့ပြီး ပြည်သူ ၁၁ ဦး အကြောင်းမဲ့ဖမ်းဆီးခံရတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီတပ်ရင်းတွေက ပစ်ခတ်နေတာလို့ နတ်သံကွင်းမြို့က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

“လက်နက်ကြီးတွေ အဓိကပစ်ခတ်နေတာက နတ်သံကွင်းမြို့ ကညွတ်ကွင်းအခြေစိုက် ခမရ−၄၃၉ နဲ့ မုန်းမြို့နယ်က ခမရ−၃၅၁ တပ်ရင်းတွေက ပစ်တာပါ”

ဒါ့အပြင် မုန်းမြို့နယ်က ရွာတွေကို စစ်ကောင်စီရဲ့ တနင်္သာရီအခြေစိုက်တပ် ခမရ−၅၈၂ အပါအဝင် ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ခတ်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေ နေ့တိုင်း တိုးလာနေတယ်လို့ဆိုပါတယ်။