စစ်တပ်ဟာ ပြည်တွင်းမှာ ဓာတုအဆိပ်တွေ ထုတ်ဖူးကြောင်း ဦးကျော်မိုးထွန်းပြော

မြန်မာစစ်တပ်ဟာ ပြည်တွင်းမှာ ဓာတုအဆိပ်တွေ စမ်းသပ်ထုတ်လုပ်ခဲ့ဖူးတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ မနေ့က ပြောဆိုလိုက်ပါတယ်။

ပဲခူးတိုင်း၊ ထုံးဘိုမှာရှိတဲ့ ဓာတုလက်နက်ထုတ်စက်ရုံကနေ ဆာလဖာ ဓာတုအဆိပ် (sulfur mustard)တွေကို ၁၉၈၀ ခုနှစ်တွေတုန်းက ထုတ်လုပ်စမ်းသပ်ခဲ့တာလို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အရပ်သားအစိုးရ တက်လာချိန်မှာ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်တပ်ကိုမေးခွန်းထုတ်ခဲ့ပေမယ့်​ စစ်တပ်ဘက်ကတော့ ပွင့်လင်းမြင်သာမှုလုံးဝ မရှိခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

ဒါကြောင့် ရုရှားနိုင်ငံက ကုမ္ပဏီတစ်ခုနဲ့ အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ စာချုပ်ချုပ်ဆိုထားတဲ့ စစ်တပ်ကို နိုင်ငံတကာက မျက်ခြည် မပြတ်စောင့်ကြည့်ကြဖို့လည်း သူကတိုက်တွန်းပါတယ်။

ဦးကျော်မိုးထွန်း ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို RFA က မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်တွေကို စိစစ်ရွေးချယ်ပေးရမယ့် UN Credentials Committee (ကုလသမဂ္ဂ ကိုယ်စားပြုစိစစ်ရေးကော်မတီ)က မြန်မာနိုင်ငံအတွက် ဒီနှစ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားပြု ဦးကျော်မိုးထွန်းကို ဆက်ခန့်မလား၊ စစ်ကောင်စီကို ကိုယ်စားပြုခွင့်ပေးမလားဆိုတာ အဆုံးအဖြတ်မပေးသေးပါဘူး။

ဒါပေမဲ့ ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားပြုသံအမတ်အဖြစ် ကော်မတီအစည်းအဝေးတွေ ဆက်လက်တက်ရောက်ခွင့် ရနေတာလည်း ဖြစ်ပါတယ်။