စစ်တပ် နယ်မြေရှင်းလင်းရေးကြောင့် ကလေးမြို့ နန်းချောင်းရွာမှာ မသန်စွမ်းတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နန်းချောင်းရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ဝင်ရောက်စီးနင်း မီးရှို့ခဲ့တာကြောင့် အသက် ၅၀ အရွယ် အမျိုးသား တစ်ဦး သေဆုံးပြီး၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ နေအိမ် အလုံး ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ မသန်စွမ်းတစ်ဦးဖြစ်တဲ့ အသက် ၅၀ အရွယ် ဦးဗျက်ဇလိန်း ဖြစ်တယ်လို့ ‌လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ အတည်ပြုပြောဆို ပါတယ်။

"အားလုံးပြေးကြတဲ့အချိန်မှာ သူက ကျန်ခဲ့တာ။ သူ့ကိုလည်း ဘာမှ မလုပ်လောက်ဘူး လို့ ထင်တာ။ စစ်သားတွေ ပြန်သွားချိန် သူ့ကို ပြန်ကြည့်တော့ မီးရှို့ခံထားရတဲ့ အလောင်းပဲ တွေ့တော့တယ်”

ဦးဗျက်ဇလိန်းရဲ့ ရုပ်အလောင်းကို ပြန်တွေ့ချိန်မှာ တစ်ကိုယ်လုံး မီးလောင်ကျွမ်းနေတာ ကြောင့် နေအိမ်တွေ မီးရှို့ခံရချိန် ထွက်မပြေးနိုင်ဘဲ မီးလောင်သေဆုံးသလား၊ စစ်သား တွေက ပစ်သတ်ပြီးမှ မီးရှို့ခံရသလားဆိုတာ တိတိကျကျ မသိရဘူးလို့ သူက ပြောပါတယ်။

နန်းချောင်းရွာဟာ အိမ်ခြေ ၄၀၀ နီးပါးရှိတဲ့ ရွာကြီးဖြစ်ပါတယ်။ ဝင်ရောက်စီးနင်းတဲ့ တပ်ဖွဲ့မှာ အင်အား ၇၀ နီးပါး ပါဝင်ပြီး နှစ်ရက်ကြာ တပ်စွဲထားတာမို့ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီးဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူရဲ့တပ်ဖွဲ့ဝင်တွေက နေအိမ် မီးရှို့ဖျက်ဆီးတာမျိုး မလုပ်ဘူးလို့ စစ်ကောင်စီအဖွဲ့ အစည်းအဝေးတွေမှာ မကြာခဏ ငြင်းဆိုထားသလို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ တွေ့ဆုံစဉ်ကလည်း ငြင်းဆိုခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ ၂၂ လတာအတွင်း စစ်ကောင်စီ စစ်ကြောင်းတွေရဲ့ မီးရှို့ ဖျက်ဆီးမှုကြောင့် စစ်ကိုင်းတိုင်း တစ်တိုင်းတည်းမှာတင် နေအိမ် ၂၇,၄၉၆ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း Data for Myanmar အဖွဲ့က ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ ထုတ်ပြန်ထားပါတယ်။