စစ်ကောင်စီကို ကမ္ဘာ့ရွေးကောက်ပွဲအသင်းက ဖိတ်ကြားတဲ့အပေါ် NUG ကန့်ကွက်

2022.10.21
စစ်ကောင်စီကို ကမ္ဘာ့ရွေးကောက်ပွဲအသင်းက ဖိတ်ကြားတဲ့အပေါ် NUG ကန့်ကွက် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအတွင်း ရန်ကုန်ရှိ မဲရုံတစ်ရုံတွင် ဆန္ဒမဲများရေတွက်နေစဉ်။
Photo : AFP

အာဏာသိမ်းပြီးနောက် စစ်ကောင်စီအလိုကျ ပြန်လည်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကို ကမ္ဘာ့ရွေးကောက်ပွဲ ကော်မရှင်အသင်း (Association of World Election Bodies) က ညီလာခံဖိတ်ကြားခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကန့်ကွက်လိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပခဲ့တဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲ ရလာဒ်ကို လက်မခံဘဲ အာဏာသိမ်းယူပြီး ရွေးကောက်ခံ ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေကို ဖမ်းဆီးထားတာကြောင့် ဒီညီလာခံဖိတ်ကြားချက်ကို ပြန်ရုတ်သိမ်းပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အောက်တိုဘာလ ၁၉ ရက်နေ့ ရက်စွဲနဲ့ ကန့်ကွက်စာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို စောင့်ကြည့်ခဲ့တဲ့ လွတ်လပ်တဲ့ ပြည်တွင်း၊ပြည်ပအဖွဲ့တွေက ၂ဝ၂ဝ ရွေးကောက်ပွဲရလာဒ်ဟာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို ပေါ်လွင်စေခဲ့တယ်လို့ လက်ခံထားပြီးသား ဖြစ်တယ်လို့လည်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာတော်တော်များများမှာ   မဲအများဆုံးနဲ့ အပြတ်အသတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ဘက်ကတော့ အဲဒီမဲရလာဒ်တွေကို လက်မခံဘဲ အာဏာသိမ်းခဲ့တာ ဖြစ်သလို၊ အဲဒီအာဏာသိမ်းတာကို ပြည်သူလူထုက လက်မခံလို့ ဒီကနေ့ထိ တိုင်းပြည်တွင်း ဆန္ဒပြကန့်ကွက်မှုတွေ ရှိနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်တပ်ကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) က စုံစမ်းစစ်ဆေးနေသလို ကုလသမဂ္ဂအထွေထွေညီလာခံမှာလည်း စစ်တပ်ကိုယ်စားလှယ်ကို လက်မခံထားတာကြောင့်  ကမ္ဘာ့ရွေးကောက်ပွဲ ကော်မရှင်အသင်းကလည်း စစ်တပ်ကို လက်မခံဖို့ NUG က ပေးပို့တဲ့စာမှာ ရေးထားပါတယ်။

ဒီအသင်းက ဦးဆောင်ပြီး ကမ္ဘာ့နိုင်ငံက ရွေးကောက်ပွဲကော်မရှင်တွေပါတဲ့ အထွေထွေညီလာခံကို တောင်အာဖရိကနိုင်ငံ၊ Cape Town မြို့မှာ ကျင်းပနေပါတယ်။

ဒီညီလာခံကိုတက်ဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့အဖွဲ့ သွားရောက်နေတယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။