စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဟလင်းရွာကို မတ်လ ၈ ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာစဉ် စစ်ဘေးရှောင်နေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးကို ပစ်သတ်ထားခဲ့ပြီး နောက်ထပ် အမျိုးသမီးသုံးဦးကိုလည်း ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာအနီး သရက်ခြံထဲမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၆၇ နှစ်အရွယ် ဒေါ်ခင်ဝင်းကိုပစ်ခတ်ခဲ့သလို ၁၀ နှစ်အရွယ် မိန်းကလေးနှစ်ဦးနဲ့ အသက် ၄၀ အရွယ် မအေးတို့ကို စစ်ကြောင်းကဖမ်းခေါ်သွားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ဟလင်းနားမှာက အစကတည်းက စစ်တပ်ထိုင်ပြီး တပ်စွဲထားတော့ ပြေးနေကြတာ။ တချို့ပဲ အနီးအနားမှာ စစ်ဘေးရှောင်ရင်း ကျန်ခဲ့တာပေါ့။ ဒီမနက် စစ်ကူလာတဲ့စစ်ကြောင်းက ရွာအနား စစ်ဘေးရှောင်နေတဲ့ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးကို ပစ်သတ်သွားသလို မအေးနဲ့ အသက် ၁၀ နှစ်ပဲရှိသေးတဲ့ မိန်းကလေးနှစ်ဦး၊ အားလုံးပေါင်း သုံးဦးကိုလည်း ဖမ်းခေါ်သွားတယ်”
ခြေမြန်တပ်ရင်း (ခမရ-၁၂) က စစ်ကောင်စီတပ်သားအင်အား တစ်ရာခန့်ပါစစ်ကြောင်းဟာ ရွှေဘိုမြို့နယ်အရှေ့ခြမ်း ဆည်ကြီးရွာဘက်ကနေ ဟလင်းရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီစခန်းကို စစ်ကူအင်အားဖြည့်ဖို့ ရောက်လာတာလို့ သူကဆိုပါတယ်။
ဟလင်းရွာမှာ မတ်လ ၂ ရက်နေ့ညကစပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် နှစ်ဖက်ကျဆုံးမှုတွေများသလို ဝက်လက်က ဟလင်းရွာအပါအဝင် ဝက်လက်မြို့နဲ့အစပ် ရွှေဘိုမြို့အရှေ့ခြမ်းဘက်က ငါးပိအိုး၊ ရွာသစ်ကုန်း၊ ဂွေးပင်ကုန်း၊ ဆည်ကြီး၊ ကံကြီးတော၊ သဲကျွန်း၊ မောင်းတပ်၊ အုန်းပေါက် စတဲ့ရွာတွေက ဒေသခံသုံးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အဲဒီရွာတွေမှာ နေထိုင်သူတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အသေးစိတ်ကိုသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း လေးထောင်ခြောက်ရာကျော် (၄၆၅၀ ဦး) သေဆုံးခဲ့ပါတယ်။