အလည်နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက် အလုပ်လုပ်မှုကို စစ်ကောင်စီ ထပ်မံတားမြစ်

RFA Burmese
2024.10.03
အလည်နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက် အလုပ်လုပ်မှုကို စစ်ကောင်စီ ထပ်မံတားမြစ် ပြည်ပထွက်ခွာမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဇွန် ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဥ်။
Photo: RFA

အလည်အပတ်အတွက် ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ် (Passport for Visit) နဲ့ ပြည်ပနိုင်ငံတွေကို အလုပ်သွားရောက် လုပ်ကိုင်မှုတွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေကနေ အောက်တိုဘာ ၃ ရက် ဒီနေ့မှာ ထပ်မံထုတ်ပြန်ကြေညာပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့က အလည်အပတ် နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက် အလုပ်လုပ်တာတွေ မလုပ်ဖို့ ပထမဆုံးအကြိမ် စစ်ကောင်စီ ကြေညာပြီးနောက် လေဆိပ်မှာ ပြည်ပထွက်ခွာသူတိုင်းကို တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ စတင်ခဲ့တာပါ။

အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) နဲ့ ပြည်ပထွက်ဖို့ ကြိုးစားသူတွေဟာ သတ်မှတ်ချက်နဲ့ မကိုက်ညီလို့ လေဆိပ်ကနေ ထွက်ခွာခွင့်မရတာကြောင့် ကုန်ကျစရိတ်တွေ ဆုံးရှုံးနေရတာကြောင့် ပြည်ပအလုပ်အကိုင် နိုင်ငံကူးလက်မှတ် (Passport for Job) နဲ့သာ ထွက်ခွာဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးကတော့ အလည်အပတ် နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက်လိုသူတွေဟာ သက်ဆိုင်ရာ အာဏာပိုင်တွေကို ငွေကြေးပေးပြီး ပြည်ပထွက်ခွာခွင့် ရနေတယ်လို့ RFA ကို ပြောပါတယ်။

“သမီးသွားတာကတော့ ပညာရေးဗီဇာနဲ့ပါ။ ဒါပေမဲ့လည်း သူနဲ့ အတူတူ သွားတဲ့သူတွေထဲမှာပဲ PV သမားတွေပါတော့ အေဂျင်စီက လမ်းကြောင်းဝင်ပေးလို့ အဆင်ပြေပြေနဲ့ ထွက်သွားရတာတွေ ရှိပါတယ်”

ပြည်ပကိုသွားရောက်၊ အလုပ်လုပ်ကိုင်လိုသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ ပြည်ပ အလုပ်အကိုင်အတွက် နိုင်ငံကူးလက်မှတ် (Passport for Job) အပြင် အလုပ်သမား သက်သေခံကတ် (OWIC) ပါ လျှောက်ဖို့ လိုအပ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လကစပြီး အလုပ်သမား နိုင်ငံကူးလက်မှတ် (PJ) ကနေ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) ကို ပြောင်းရာမှာ ခြောက်လနဲ့အထက် သက်တမ်းရှိတာတွေကို ပြောင်းလဲခွင့် မပြုတော့သလို ပြည်ပထွက်ခွင့်ရှိတဲ့ အမျိုးသားတွေရဲ့ အသက်အရွယ်ကိုလည်း ကန့်သတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။