စစ်ကောင်စီတပ်စခန်းလေးခု KIA တိုက်ခိုက်သိမ်းပိုက်

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ဖြစ်ခဲ့ပြီး နှစ်ပေါင်း ၃၇ နှစ်နီးပါးကြာ စစ်ကောင်စီတပ် အထိုင်ချခဲ့တဲ့ နာဖော့ တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းလေးခုကို မတ်လ ၂၁ ရက် မနေ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

“နာဖော့ကတော့ မနေ့က ညနေပိုင်းအကုန်လုံး အပြီးအစီး သိမ်းနိုင်တဲ့အနေအထား ဖြစ်ပါတယ်။ အဓိက က တော့ နာဖော့၊ အူဂါရှန်၊ နောက် နွမ်းလန်းရယ်၊ နွမ်းလန်းတပ် ကပ်ရပ်ရှိနေတဲ့ ၆၁၆ ဒုံးတပ်ရယ် အဲဒါလေးခု ဖြစ်ပါတယ်။ နာဖော့ကတော့ ၈၇ မှာ သူတို့ တိုက်ပြီးမှ ယူခဲ့တဲ့စခန်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပိုင်းမှာက ကျွန်တော်တို့ KIO ရဲ့ ဌာနချုပ်တွေတည်ရှိတဲ့ နာဖော့တောင် စခန်း ဖြစ်ပါတယ်။ အခုကျမှ ကျွန်တော်တို့ ပြန်သိမ်းယူရတဲ့ နာဖော့တောင် ဖြစ်ပါတယ်”

နာဖော့တပ်စခန်းဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) ခေတ်၊ ဗိုလ်ချုပ်ကြီး နေဝင်းလက်ထက် ၁၉၈၇ ခုနှစ် မေလမှာ တိုက်ခိုက်ခံရပြီးနောက် လက်လွှတ်ခဲ့ရတဲ့ KIA ဌာနချုပ်ဟောင်းဖြစ်တယ်လို့လည်း ဒေသခံ တွေက ပြောပါတယ်။

မနေ့ကသိမ်းပိုက်ခဲ့တဲ့ နာဖော့ တပ်စခန်းဟာ KIA ဌာနချုပ် လိုင်ဇာမြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိတဲ့ တပ်စခန်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

KIA ရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်း ကို RFA ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က စလို့ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းနဲ့ လိုင်ဇာအနီးက စစ်ကောင်စီ တပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။