ကချင်ပြည်နယ် NLD ဒုဥက္ကဋ္ဌနဲ့ အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ နေအိမ် ချိပ်ပိတ်ခံရ

ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဗိုလ်နဲ့ ပါတီရဲ့ အမျိုးသမီး ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်မာတို့ရဲ့ နေအိမ်တွေ အောက်တိုဘာလ ၅ ရက်နဲ့ ၇ ရက် ဒီနေ့မနက်မှာ ချိပ်ပိတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကောင်းမြို့နယ် နမ္မတီးမြို့ မြို့လှရပ်မှာရှိတဲ့ ပါတီ ဒု ဥက္ကဋ္ဌ ဦးဝင်းဗိုလ်ရဲ့ နေအိမ်ကို ဒီနေ့မနက်က ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ အင်အား ၃၀ လောက်နဲ့ လာရောက် ချိပ်ပိတ်သွားတာလို့ မြို့လှရပ်ကွက်မှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ချိပ်ပိတ်မယ်ဆိုပြီး ပြီးခဲ့တဲ့ လကတည်းက သတင်းတွေတော့ ထွက်နေတာပဲ၊ ဒီနေ့ မနက် အစောကြီး လာချိပ်ပိတ်သွားတာ၊ အိမ်မှာက ပြီးခဲ့တဲ့ နှစ်တွေကတည်းက လူမနေ တော့ဘူး”

ချိပ်ပိတ်ခံရတဲ့ နေအိမ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလောက်ကတည်းက လူမနေတော့သလို အိမ်တွင်းပစ္စည်း တွေကိုလည်း ရွှေ့ပြောင်းထားတယ်လို့ ပြောပါတယ်။ အဲဒီအိမ်ဟာ ကာလ တန်ဖိုး သိန်းတစ်ထောင်ဝန်းကျင် တန်ဖိုးရှိတယ်လို့လည်း ဆိုပါတယ်။

အလားတူ မိုးကောင်းမြို့၊ အိုးတန်းရပ်ကွက်မှာရှိတဲ့ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသမီးရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်မာရဲ့ နေအိမ်ဟာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့က ချိပ်ပိတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါ တယ်။

အဲဒီနေအိမ်ဟာ ဒေါ်ခိုင်မာရဲ့ သားသမီးနှစ်ဦးနဲ့ သူတို့ကိုစောင့်ရှောက်ပေးသူတွေ နေထိုင် နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေါ်ခိုင်မာနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“သူတို့မှာ သား တစ်ဦး၊ သမီးတစ်ဦး နဲ့ စောင့်ရှောက်ပေးထားတဲ့ လူကြီးတွေရှိတဲ့အချိန် လာချိပ်ပိတ်သွားတာ။ သူ့သမီးကတော့ တက္ကသိုလ်လည်း မပြီးသေးဘူး။ စိတ်ဒဏ်ရာ ရသွားတာပေါ့။ နေအိမ် ချိပ်မပိတ်ခင် တစ်ပတ် လောက်ကတော့ အဲဒီကလေးတွေကို အုပ်ချုပ်ရေးဘက်က အကြောင်းကြားထားတာတော့ရှိတယ်”

ဒေါ်ခိုင်မာဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၂ နဲ့ ဖမ်းဝရမ်းထုတ် ခံထားရသလို သူ့ခင်ပွန်းဖြစ်သူကိုလည်း သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ - ၂၅ နဲ့ အမှုဖွင့်ခံထားရတာကြောင့် တိမ်းရှောင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ လွှတ်တော် ဒုတိယဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သူ ပူတာအိုမြို့က ကချင်ပြည်နယ် လွှတ်​တော်ကိုယ်စားလှယ် ဦးခန်လင်နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် ရဲ့ နေအိမ်တွေအပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တွေရဲ့ နေအိမ် ခုနစ်လုံး ချိပ်ပိတ်ခံထားရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်ကနေ အခုနှစ် ဇွန်လအထိ လွှတ်တော် ကိုယ်စားလှယ် ၁၁၉ ဦးအပါအဝင် ပါတီဝင် ၂၂၄ ဦးရဲ့ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို စွပ်စွဲချက်မျိုးစုံနဲ့ ချိပ်ပိတ်ခံခဲ့ရတယ်လို့ NLD ပါတီက ဇူလိုင်လ ၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၆ ရက် မနေ့က ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ ချိပ်ပိတ်ခံရတဲ့ နေအိမ်၊ အဆောက်အအုံပေါင်း ၇၈၀ ထက်မနည်း ရှိနေတယ်လို့ ဖော်ပြထားပါတယ်။