ဝိုင်းမော်မှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးနဲ့ပါ ပစ်နေတာကြောင့် ဒေသခံတွေပိတ်မိနေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ရွာနဲ့ ရွှေညောင်ပင်ရွာကြားမှာ မတ်လ ၉ ရက်နေ့ ဒီမနက် အစောပိုင်းကပြီး တိုက်ပွဲဖြစ်နေသလို အဲဒီတစ်ဝိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်နေတာကြောင့် ဒေသခံတွေ ထွက်မရဘဲပိတ်မိနေတယ်လို့ အဲဒီမှာရှိတဲ့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ဝိုင်းမော်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၅၈) တပ်ရင်းတွေကနေ လက်နက်ကြီးနဲ့ အကြိမ်နှစ်ဆယ်ခန့် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

နှစ်ရွာကြားမှာ တိုက်ပွဲဖြစ်နေပြီး မြို့ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်နေတာကြောင့် နေအိမ်အချို့ မီးလောင်ခဲ့သလို ဒေသခံတွေလည်း ပိတ်မိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီမနက်ကတည်းက အောင်မြေ (၁) နဲ့ ရွှေညောင်ပင်ကြားရွာမှာ ပစ်နေကြတယ်။ လက်နက်ကြီးကလည်း တောက်လျှောက်ပစ်နေတာ။ အိမ်တစ်လုံးလည်း မီးလောင်သွားတယ်။ အခုက နေရာမှာပဲ ပုန်းနေရတာ အပြင်ထွက်လို့ မရသေးဘူး။ အဲဒါကြောင့် လူထိခိုက်မှု ရှိ၊ မရှိတော့ မသိသေးဘူး"

မတ်လ ၇ ရက်နေ့စပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့ဟာ စစ်ကောင်စီ တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဝိုင်းမော်မြို့အနီး ခါးရှီရွာအထိ ထိုးစစ်ဆင်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိ ခါးရှီ၊ အင်းလေး၊ အောင်မြေ (၁)၊ (၂)၊ ရွှေညောင်ပင်ရွာတွေမှာ ဒေသခံ နှစ်ထောင်ခန့် ပိတ်မိနေပြီး အောင်မြေ (၁) ရွာမှာတော့ နမ်ဆန်ယန်၊ ဒဘတ်ယန်၊ ကဇူးနဲ့ ဂါးရာယန်ရွာတွေက ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် တစ်ရာကျော်ပါရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီမှာရှိတဲ့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေဟာ တိုက်ပွဲကြောင့် ခါးရှီရွာမှာ လမ်းပိတ်သွားတာကြောင့် အခုထိ ဘေးလွတ်ရာကို ထွက်မလာနိုင်ကြသေးဘူးလို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

အောင်မြေ (၁) ရွာမှာရှိတဲ့ အင်လုန်ခ လီဆူပြည်သူ့စစ်စခန်းကို မတ်လ ၈ ရက်နေ့မှာ KIA နဲ့ပူးပေါင်းအဖွဲ့က သိမ်းပိုက်လိုက်ပြီး ရွှေညောင်ပင်ရွာမှာရှိတဲ့ ခြေမြန်တပ်ရင်း (၃၂၁) ကိုတော့ ဆက်တိုက်နေတယ်လို့ KIA သတင်းရင်းအမြစ်က RFA ကို ပြောပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ KIA နဲ့ ပူးပေါင်းအဖွဲ့ ထိုးစစ်စတင်ပြီးနောက် စစ်ကောင်စီတပ်စခန်း ၁၄ ခုထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မတ်လ ၈ ရက်နေ့မှာ RFA ကို ဖြေဆိုထားပါတယ်။