ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ရွာခံတွေကို စစ်ကောင်စီတပ်က ထွက်ခွင့်မပေး

တိုက်ပွဲဖြစ်နေတဲ့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၂) ရွာမှာရှိတဲ့ ဒေသခံ တစ်ထောင်ခန့်ကို စစ်ကောင်စီတပ်က ထွက်ခွင့်မပေးတာကြောင့် ပိတ်မိနေကြတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေထွက်သွားရင် ရွာကိုမီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အောင်မြေ (၂) ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာကနေ မထွက်ခိုင်းတဲ့အတွက် ပိတ်မိနေတာ။ အခုအားလုံးဆိုရင် တစ်ထောင်ဝန်းကျင်လောက်ရှိတယ်။ ရွာသားတွေထွက်ရင်တော့ အိမ်တွေကို မီးရှို့ပေးမယ်လို့လည်းပြောတယ်။ ဖုန်းတွေလည်း ပေါ်တင်မသုံးခိုင်းဘူး ခိုးသုံးနေရတယ်”

အောင်မြေ(၂) ရွာဟာ မြစ်ကြီးနား - ဗန်းမော်လမ်းမပေါ်မှာရှိပြီး မတ်လ (၇) ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့တဲ့ အောင်မြေ (၁) ရွာနဲ့ ရွှေညာင်ပင်ရွာအကြားမှာရှိတဲ့ ရွာဖြစ်ပါတယ်။

အောင်မြေ (၁) ရွာက ဒေသခံတွေ အပါအဝင် ရွှေညောင်ပင်၊ ကဇူး၊ ဒဘတ်နဲ့ နမ့်ဆန်ယန် စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်ကိုတော့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က မတ်လ ၉ ရက်နေ့မှာ ဝိုင်းမော်မြို့နယ် ဆန်းကားရွာဘက်ကို ခေါ်ထုတ်ထားပြီလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အောင်မြေ (၁) ကျေးရွာက လူတွေနဲ့ ရွာကိုရောက်နေတဲ့ စစ်ဘေးဒုက္ခသည်အများပိုင်းက ဆန်းကားဘက် ရောက်ပြီ။ အောင်မြေ (၂) ကျေးရွာက ပိတ်ထားတော့ မထွက်နိုင်သေးဘူး။ ကယ်ထုတ်နိုင်ဖို့လည်း ညှိတော့၊ ညှိနေတယ်အခု။ တိုက်ပွဲကတော့ ဖြစ်နေတယ်။ စစ်ကောင်စီဘက်ကလည်း အောင်မြေ (၁)၊ ရွှေညောင်ပင် ဘက်တွေမှာ လေယာဉ်နဲ့ လာပစ်တာတွေရှိတယ်”

ဆန်းကားရွာကိုရောက်ရှိနေတဲ့ ဒေသခံတွေထဲမှာလည်း ဖျားနာသူတွေများနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မတ်လ ၇ ရက်နေ့ကစပြီး မြစ်ကြီးနား - ဗန်းမော်လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေသလို သုံးရက်အတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်းနှစ်ဆယ်ကျော်ကို သိမ်းထားတယ်လို့ (KIO) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။