စစ်ကောင်စီလက်နက်ကြီးကြောင့် ကချင်ပြည်နယ်မှာ အရပ်သား ၁၁ ဦး သေဆုံး

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းမှာ မတ်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ အရပ်သား ၃၆ ယောက် သေဆုံးခဲ့ရာမှာ ကချင်ပြည်နယ်မှာ သေဆုံးသူ အများဆုံးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီး ၂၀ ဦးနဲ့ အမျိုးသား ၁၆ ဦး ပါဝင်ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ရှစ်ဦး ပါဝင်တယ်လို့ AAPP စာရင်းမှာ ဖော်ပြထားပါတယ်။ ဒီစာရင်းအရ ကချင်ပြည်နယ်မှာ သေဆုံးသူ ၁၁ ဦးနဲ့ သေဆုံးမှု အများဆုံးဒေသ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ မတ်လ ၇ ရက်နေ့ကစပြီး စစ်ကောင်စီအတွက် အရေးပါတဲ့ တပ်စခန်းတွေဖြစ်တဲ့ ခယာဘွမ်၊ ဖွန်းပျဲန်ဘွမ်၊ ခလရ (၂၃၇) နဲ့ (၁၄၂) စတဲ့ စခန်းတွေအပါအဝင် တပ်စခန်းပေါင်း နှစ်ဆယ်ကျော်ကို သိမ်းပိုက်ထားနိုင်တယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောထားပါတယ်။

တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်မှာ လက်ရှိစစ်ရေးတင်းမာနေသလို မိုးမောက်၊ မံစီ၊ ဖားကန့်၊ ဗန်းမော်၊ ဆွပ်ပရာဘွမ်နဲ့ မိုးညှင်းမြို့နယ်တွေမှာ စစ်ဘေးတိမ်းရှောင်နေသူ တစ်သောင်းကျော်ရှိတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်သူတွေထဲမှာ စစ်ဘေးဒုက္ခသည်တွေလည်း ပါဝင်ပါတယ်။

မတ်လ ၁၁ ရက်နေ့ နေ့လယ်က ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ တာလီကျေးရွာကနေ စစ်ဘေးရှောင်တဲ့ ဒေသခံတွေဟာ စစ်ကောင်စီအမြာက်တပ်ကပစ်တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အသက် ၁၅ နှစ်အရွယ် နှစ်ဦးနဲ့ အသက် ၁၉ နှစ်အရွယ် တစ်ဦး စုစုပေါင်း သုံးဦး နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။

AAPP စာရင်းအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂ဝ၂၄ ခုနစ် မတ်လ ၁၅ ရက်နေ့အထိ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ အရပ်သား စုစုပေါင်း ၄,၇ဝဝ သေဆုံးခဲ့ပါတယ်။

ဖမ်းဆီးခံထားရသူကတော့ နှစ်သောင်းခုနစ်ထောင်နီးပါး (၂၆,၂၄၄) ရှိပြီး အဲဒီထဲက ၈,၈၃၂ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။