ကလေးမြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် အရပ်သား သုံးဦး သေဆုံး
2024.02.23
စစ်ကိုင်းတိုင်း၊ ကလေးမြို့ ကြို့သုံးပင်ရပ်ကွက်မှာ ဖေဖော်ဝါရီ ၂၂ ရက် မနေ့က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သလို အဲဒီနေ့ မနက် ၈ နာရီဝန်းကျင်မှာ တာဟန်းရပ်ကွက်၊ ပန်းသီးတိုက်အနီးမှာ စစ်ကောင်စီတပ်က လက်နက်ငယ်နဲ့ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးတဲ့အမျိုးသားဟာ ဆိုင်ကယ်နဲ့သွားနေချိန် သေနတ်နဲ့ လှမ်းပစ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သေသွားတဲ့ အမျိုးသားကတော့ ဆိုင်ကယ်နဲ့ သွားတဲ့အချိန်မှာ အပစ်ခံရတာ။ အဲဒီမှာ စစ်ကောင်စီတပ်ရဲ့ ဂိတ်ရှိတယ်။ အမျိုးသမီးတွေကတော့ အိမ်မှာနေရင်း လက်နက်ကြီးမှန်ပြီး သေသွားတယ်”
လက်နက်ကြီးထိမှန် သေဆုံးတဲ့ အမျိုးသမီးတွေဟာ အသက် ၂၉ နှစ်အရွယ် ဒေါ်ကျိန်ခေါကိမ် နဲ့ အသက် ၄၈ နှစ်အရွယ် ဒေါ်ကျိန်ခွမ်ဝုမ် ဖြစ်ပြီး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အမျိုးသားကတော့ အသက် ၄၇ နှစ်အရွယ် ဦးထွမ်ခန့်မုန် ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့ကလည်း ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မိသားစုဝင် သုံးဦးဖြစ်တဲ့ ဦးလာရ်နှုန့်ထာရ် (U Lal Nun Thar)၊ မထန့်ကျွဲ (Mai Than Cuai) နဲ့ မမိုနီကာ (Mai Monica) တို့ သေဆုံးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက်ပိုင်းကစလို့ ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့အထိ စစ်ကောင်စီတပ်က ကလေးမြို့နယ်က ကျေးရွာတွေနဲ့ ကလေးမြို့၊ တာဟန်း၊ ကြို့သုံးပင်နဲ့ မွန်းလိုင်ရပ်ကွက်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။