စစ်ကိုင်းတိုင်း ကလေးမြို့မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာစဉ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က မိုင်းနင်းမိတာကြောင့် နှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပြီး သူ့ရဲ့ မိဘနှစ်ပါးလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့ပေါ်ကနေ ကလေးမြို့နယ် တောင်ပိုင်းကို ထွက်ပြေးတိမ်းရှောင်လာစဉ် စက္ကန့်ရွာအနီးမှာ မိုင်းနင်းမိတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သူတို့ မိသားစုက မြို့ပေါ်ကနေ တောင်ပိုင်းဘက်ကို စစ်ရှောင်လာတာ။ ပြည်သူ့ကာကွယ်ရေး ထိန်းချုပ် နယ်မြေထဲကို လာတာ၊ ဒါပေမဲ့ လမ်းမှားပြီး စကစ ထောင်ထားတဲ့ တိုက်မိုင်းကို ထိမိတာ။ ကလေးလေးက ပွဲချင်းပြီးပဲ၊ မိဘနှစ်ပါး တော်တော် ဒဏ်ရာ ပြင်းထန်တယ်"
ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာ၀န်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
မတ်လ ၄ ရက် ဒီနေ့မှာလည်း ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့နယ်မှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ငါးထောင်ကျော် ရှိနေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။