ကလေးမြို့ လက်ပံချောင်းရွာမှာ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းရွာမှာ မတ်လ ၁၄ ရက် ညပိုင်းက စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၆၂ နှစ်အရွယ် ဒေါ်လာလ်ဇွာလီ (Pi Lalzuali) နဲ့ အသက် ၄၁နှစ်အရွယ် ဦးလာလ်ရမ်ဒိကာ (Pu Lalramdika) တို့ဖြစ်ပြီး တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကလေးမြို့မှာ လက်ရှိတော့ တိုက်ပွဲတော့မရှိဘူး။ အခြေနေကတော့ တင်းမာနေဆဲအခြေနေပေါ့လေ။ စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်လို့ လက်ပံချောင်းက အဘွားတစ်ဦးနဲ့ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်"

ဖေဖော်ဝါရီ ၂၁ ရက်နေ့ကနေ ဒီနေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးရသူ ၂၅ ဦးထက်မနည်းရှိနေပြီလို့ ကလေးမြို့ပင်မသပိတ်ကော်မတီ တာ၀န်ခံ ကိုဗိုက်ပူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်၀င်းအောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဇန်နဝါရီလ ၃ ရက်နေ့ကလည်း လက်ပံချောင်းရွာမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး နောက်ထပ်ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။