ကလေးမြို့တိုက်ပွဲကြောင့် တိမ်းရှောင်နေရသူတချို့ အမိုးအကာနဲ့ စားနပ်ရိက္ခာ ခက်ခဲနေ

စစ်ကိုင်းတိုင်း ကလေးမြို့က တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ငါးရာခန့်ဟာ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ထွက်ပြေးတိမ်းရှောင်နေသူတွေနဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက မတ်လ ၄ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

ကလေးမြို့ တာဟန်း၊ မွန်းလိုင်၊ ကြို့သုံးပင်၊ တာယာကုန်း စတဲ့ ရပ်ကွက်တွေမှာနေထိုင်သူတွေနဲ့ ကလေးမြို့နဲ့ တစ်ဆက်တည်းဖြစ်တဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့က ဒေသခံတွေဟာ ဘေးလွတ်နိုင်တဲ့ တောတောင်တွေထဲ ပုန်းရှောင်နေကြတာလို့ ဆိုပါတယ်။

တောတောင်တွေထဲ နေရတာကြောင့် အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့က အခု တောင်ယာရှိတဲ့သူက သူတို့တောင်ယာထဲမှာ။ မရှိတဲ့သူတွေက ဒီတိုင်းပဲ၊ တောထဲမှာ မိုးကာတဲထိုးပြီးနေတယ်။ အခက်အခဲက အစားအသောက်အတွက် ခက်ခဲတယ်။ တိုက်ပွဲက ဘယ်လောက်ကြာ မလဲမသိတော့ နေထိုင်ရေးအတွက် အမိုးအကာလည်း လိုအပ်တယ်။ တချို့ကတော့ သူတို့ ရွာဟောင်းတွေကို ပြန်ကြတယ်။ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်တွေမှာ ပြန်ကြတာတော့ရှိတယ်”

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကတည်းက တိုက်ပွဲတွေစဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ကလေးမြို့ပေါ်က လူနေရပ်ကွက် တွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိနေလို့ မြို့ပေါ်က နေအိမ်တွေထံ မပြန်ရဲသေးဘူး လို့ သူက ဆိုပါတယ်။

ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ကလေးမြို့နယ်ထဲမှာ စစ်ရေးအရှိန်မြှင့်တော့မှာဖြစ်လို့ ဒေသခံတွေ အမြန်ဆုံးတိမ်းရှောင်ကြဖို့ဆိုပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတဲ့အတွက် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိ ကလေးမြို့နယ်က တိုက်ပွဲတွေအတွင်းမှာတော့ အရပ်သား ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် နှစ်ဆယ်ဦးခန့်လည်း ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ငါးထောင်ကျော်ခန့် ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။