ကလေးမြို့နယ်မှာ လက်နက်ကြီးကြောင့် တစ်မိသားစုတည်းက ငါးဦးသေဆုံး

RFA Burmese
2023.09.27
ကလေးမြို့နယ်မှာ လက်နက်ကြီးကြောင့် တစ်မိသားစုတည်းက ငါးဦးသေဆုံး စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပျက်စီးခဲ့သည့် ကလေးမြို့ ကြို့သုံးပင်ရပ်ကွက်က နေအိမ်အား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ရှားဖိုရွာထဲက နေအိမ်တစ်အိမ်ကို စက်တင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်ထဲမှာရှိနေတဲ့ မိသားစုဝင် လေးဦးသေဆုံးပြီး ဒီမြင်ကွင်းကို မြင်တွေ့တဲ့ နောက်ထပ် မိသားစုဝင် အမျိုးသမီးလည်း နှလုံးရပ် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စက်တင်ဘာ ၂၆ နဲ့ ၂၇ နှစ်ရက်ဆက်တိုက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး အခုလက်နက်ကြီးကတော့ စစ်ကောင်စီတပ်က အောင်သာယာရွာကနေ ရှားဖိုရွာဘက်ကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအနီးဝန်းကျင်မှာရှိတဲ့ ရွာတွေက နေအိမ်တချို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတာတွေရှိနေပြီး အရပ်သားတွေလည်း တိုက်ပွဲနဲ့ လွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကလေးမြို့တောင်ပိုင်းကို စကစက နယ်မြေစိုးမိုးမူမရှိတဲ့အတွက် အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင်တာဖြစ်တယ်။ လက်နက်ကြီး ထိတာကတော့ လေးယောက် ပွဲချင်းပြီးပဲ။ အဲဒီထိတာကိုမြင်တဲ့ အမေဖြစ်သူလည်း လန့်ပြီးသေသွားတယ်။ ‌ဒီဘက်ရွာတွေက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်၊ ဖုန်းလိုင်အခက်ခဲကြောင့် ဘယ်နှစ်ရွာ လူဦးရေဘယ်လောက် ရှောင်နေရလဲဆိုတာ အတိအကျ မပြောနိုင်သေးဘူး"

တိုက်ပွဲတွေဖြစ်နေတာအပြင် ကလေးမြို့နယ်တောင်ပိုင်းမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတယ်လို့ သူက ဆိုပါတယ်။

ကလေးမြို့နယ် တောင်ပိုင်းမှာဖြစ်နေတဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ တိုက်ပွဲမှာတော့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တစ်ဦးနဲ့ Chinland Defense Force - Kalay Kabaw Gangaw (CDF-KKG) တပ်ဖွဲ့ဝင်တစ်ဦးတို့ သေဆုံးခဲ့ကြောင်း CDF-KKG ကထုတ်ပြန်ထားပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လကုန်အထိ ရှစ်လအတွင်း တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄၆၂ ဦး သေဆုံးပြီး၊ ၈၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။