စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကန့်ဘလူမြို့နယ် ချပ်သင်းရွာဘက်မှာ ကန့်ဘလူပြည်သူ့ကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ရာကနေ ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်ပိုင်းအထိ နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ထိတွေ့မှု ဖြစ်တယ်၊ အခုထိ ဖြစ်နေတုန်းပဲ။ စစ်ကောင်စီစစ်ကြောင်းကို ကာတဲ့သဘော၊ အရောင်ပြတဲ့သဘောပါပဲ။ ကောလင်းဘက်ကို ထိုးစစ်လုပ်နေတော့ စစ်ကြောင်းကို ဒီဘက်မှာလည်း တိုက်ပွဲပြန်ဖော်တယ်လို့လည်း ပြောလို့ရတယ်”
ကောလင်းမြို့ဘက်ကို သွားရာလမ်းမှာရှိတဲ့ သင်တော၊ ချပ်သင်း၊ ချပ်ကြီး၊ ဦးကင်းကြည် စတဲ့ ရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၇ ရက်နေ့က ဂျက်တိုက်လေယာဉ်နှစ်စီး၊ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးနဲ့ ဗုံးကြဲခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်နေ့ မြေပြင်က စစ်ကြောင်းထိုးလာရာမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးတာရှိပေမယ့် စာရင်းအတိအကျကိုလည်း လတ်တလော မသိရသေးဘူးလို့ ကန့်ဘလူဒေသကာကွယ်ရေးတပ်က ပြောပါတယ်။
ဒေသခံတွေကတော့ ကောလင်းမြို့ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ပြင်ဆင်ချိန်ကတည်းက တိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
PDF တွေ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူဖို့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေသလို ရွှေပြည်အေးမြို့ကိုလည်း ဇန်နဝါရီလ ၁၃ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။