ကန့်ဘလူနဲ့ ကျွန်းလှက ရွာသုံးရွာမီးရှို့ခံရပြီး ဒေသခံတစ်သောင်းခန့် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်က ရွာသုံးရွာကို နို၀င်ဘာလ ၂၁ ရက် မနေ့နဲ့ ၂၂ ရက် ဒီနေ့ နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က RFA ကို ပြောပါတယ်။

နိုဝင်ဘာလ ၂၂ ရက် ဒီနေ့မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ် ကျောက်တိုက်ရွာနဲ့ ညနေပိုင်းမှာ ကျီစုရွာမီးရှို့ခံခဲ့ရသလို နိုဝင်ဘာလ ၂၁ ရက် မနေ့ကလည်း ကျွန်းလှမြို့နယ်၊ ခဝါသည်ရွာ မီးရှို့ခံခဲ့ရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"ခဝါသည်ရွာ အိမ်ခြေ ၁၂၀ ကျော်လောက်ပဲရှိတာ။ အတိအကျတော့ လိုက်နေတုန်း။ အိမ် ၁၀၀ ကျော်လောက်ပါမယ်ထင်တယ်။ ဒီနေ့ ကျောက်တိုင်ရယ်၊ အခု ၂ နာရီမှာ ကျီစုပါ ထပ်ရှို့နေတယ်ပြောတယ်"

နိုဝင်ဘာလ ၂၁ ရက်နေ့၊ ညနေ ၃ နာရီ ၁၅ မိနစ်ဝန်းကျင်က ကန့်ဘလူခရိုင်၊ ကျွန်းလှ မြို့နယ် ခဝါသည်ရွာကို စစ်ကောင်စီတပ် အင်အား ၂၀၀ ဝန်းကျင်နဲ့ ဝင်ရောက် မီးရှို့ခဲ့ တာလို့ ဆိုပါတယ်။

ဒီနေ့ မနက် ၇ နာရီမှာလည်း ကန့်ဘလူမြို့နယ်မှာရှိတဲ့ ကျောက်တိုင်ရွာကို စစ်ကောင်စီ တပ် အင်အား ၁၀၀ ခန့်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ၉ နာရီမှာတော့ မီးရှို့ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ကျောက်တိုင်ရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့နေ့လယ် ၂ နာရီဝန်းကျင်မှာ အနီးနားက ကျီစုရွာကိုပါ ဆက်လက်ဝင်ရောက် မီးရှို့နေတာလို့ ဆိုပါတယ်။

ဒါကြောင့် ခဝါသည်ရွာအနီးနားက ဒေသခံတွေအပါအ၀င် ကျွန်းလှမြို့နယ်၊ တန့်ဆည် မြို့နယ်နဲ့ နီးစပ်တဲ့ ရွာတွေက ဒေသခံ တစ်သောင်းခန့်ဟာ ဘေးလွတ်ရာကို ထွက်ပြေး နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံရတဲ့ ရွာတွေရဲ့ နေအိမ်ပျက်စီးဆုံးရှုံးမှု အခြေအနေအတိအကျကိုတော့ ရွာတွေထဲ ပြန်၀င်လို့ မရသေးတာကြောင့် လတ်တလော မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီရွာသုံးရွာကို ဝင်ရောက်မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းမှာ ခြေလျင်တပ်ရင်း ခလရ (၃၆၁) နဲ့ ခလရ (၃၆၉) တို့ ပါဝင်တယ်လို့ ဒေသခံက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက် ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးအေးလှိုင်ကကတော့ လုံခြုံရေးကိစ္စတွေကို သူ့အနေနဲ့ ပြောခွင့်မရှိသလို တရားဝင်ထုတ်ပြန်လေ့မရှိဘူးလို့ RFA ကို ဖြေဆိုဖူးပါတယ်။