စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပင့်သာတိုက်နယ်ထဲမှာရှိတဲ့ ရွာပေါင်း ၂၀ နီးပါး ဒေသခံတစ်သောင်းကျော်ဟာ နိုဝင်ဘာလ ၁၁ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ကန့်ဘလူဒေသခံတွေက RFA ကို ပြောပါတယ်။
ပင့်သာ၊ ဖလှယ်ရ၊ မကျီးကုန်း၊ ရှမ်းကုန်း၊ ပင်းတဲ၊ အင်းမ၊ ထန်းပင်ကုန်း၊ အုတ်ခင်း၊ နဂါးပေါ်၊ ပိတောက်ပင်၊ ပင့်သာကြီးရွာ အပါအဝင် ရွာပေါင်း ၂၀ လောက်က ဒေသခံတွေ ထွက်ပြေးနေကြရတာပါ။
ဒီကနေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီသားတွေက အိမ်ခြေ ၂၈၀ နီးပါးရှိတဲ့ ရှမ်းကုန်းရွာက နေအိမ်ငါးလုံးကို မီးရှို့ခဲ့တယ်လို့ ပင့်သာတိုက်နယ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီမနက် ရှမ်းကုန်းရွာထဲကနေအိမ် ငါးလုံးမီးရှို့သွားတယ်။ အခုနေ့လယ်ပိုင်းမှာ အင်းမ ရွာကို မီးရှို့နေတယ်။ မီးခိုးတွေမြင်နေရပြီ။ ဒေသခံတွေကတော့ ထွက်ပြေးနေကြရတာ ပေါ့ဗျာ။ နီးစပ်ရာ အမျိုးအဆွေတွေဆီ သွားနေကြရတာပေါ့။ တောကြားတွေထဲမှာ လည်း နေကြရတာပေါ့”
အိမ်ခြေ ၃၅၀ လောက်ရှိတဲ့ အင်းမရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့နေဆဲဖြစ်တာ ကြောင့် ပျက်စီးမှု အခြေအနေကို မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
ဘေးလွတ်ရာထွက်ပြေးနေရတဲ့ ဒေသခံတစ်သောင်းကျော်ထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေလည်း ပါဝင်နေပြီး ပြင်ဆင်ချိန်မရဘဲ ထွက်ပြေးလာရတာကြောင့် နေစရာနဲ့ စားနပ်ရိက္ခာ အကူအညီလိုအပ်နေတယ်လို့ ပင့်သာတိုက်နယ် ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ-၃၆၇၊ ၇၀၁ တို့က အင်အား ၃၅၀ နီးပါးလောက်နဲ့ ရွာတွေထဲ စစ်ကြောင်းထိုး ဝင်ရောက်နေတာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆို ကြပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာထွက် ပြေးနေရပါတယ်။