ကန့်ဘလူမြို့နယ်မှာ ဒေသခံ နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပေကြီးရွာခံ နှစ်ဦးကို မတ်လ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အင်းအားနှစ်ရာဝန်းကျင်ပါတဲ့ ခြေမြန်တပ်ရင်း ခမရ (၃၆၁) နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ မတ်လ ၁၄ ရက်နေ့မှာ ပေကြီးရွာကို ဝင်ရောက်လာပြီး ဒေသခံ နှစ်ဦးကိုဖမ်းဆီးကာ တစ်ဦးကိုသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

နောက်ထပ်ဒေသခံ တစ်ဦးကိုတော့ ပေကြီးရွာကနေ ငှက်ပျောတိုင်းရွာဘက်သွားတဲ့လမ်းမှာ အဲဒီစစ်ကြောင်းကပဲ ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူနှစ်ဦးဟာ ပေကြီးရွာခံ အသက် ၃၀ ကျော်အရွယ် ကိုမျိုးမျိုးသိန်းနဲ့ ကိုခင်မောင်ဦးတို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူနှစ်ဦးဟာ ရွာမှာပစ္စည်းလာသယ်ရင်း အဖမ်းဆီးခံရပြီး သတ်ဖြတ်ခံခဲ့ရတာလို့ ကန့်ဘလူ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အဖမ်းခံရတဲ့အထဲက တစ်ယောက်ကို ခေါင်းဖြတ်သတ်တယ်။ နောက်တစ်ယောက်ကိုတော့ ညှဉ်းပန်းနှိပ်စက်ပြီး ပြန်လွှတ်လိုက်တာ။ ၁၅ ရက်နေ့ညနေပိုင်းမှာ ခေါင်းဖြတ်ပြီးအသတ်ခံရတဲ့သူရဲ့ ရုပ်အလောင်းကိုတွေ့တယ်။ ၁၆ ရက်နေ့မှာ နောက်တစ်ဦးရဲ့ ရုပ်အလောင်းကိုတွေ့တာ”

စစ်ကြောင်းထိုးလာတဲ့ သတင်းကြားပြီးနောက် ပေကြီးရွာခံအများစု ကြိုတင်တိမ်းရှောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးညွှန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ပေကြီးရွာကခံအများစုကတော့ စစ်ကြောင်းပြန်ထွက်သွားပြီးနောက် ရွာထဲပြန်လာနေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။