ကန့်ဘလူမြို့နယ် ဇော်ချောင်း ရွာလုံးကျွတ် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာကို လေးကြိမ်တိုင် မီးရှို့ခံရတာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက အောက်တိုဘာ ၇ ရက် ဒီနေ့ RFA ကို ပြောပါတယ်။

အရင်က နှစ်ကြိမ် မီးရှို့ခံထားရတဲ့ ဇော်ချောင်းရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၄ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ နောက်ထပ် နှစ်ကြိမ် ဝင်ရောက်စီးနင်းပြီး ရွာက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဇော်ချောင်းရွာခံတစ်ဦးက ပြောပါတယ်။

“မကျန်တော့ဘူးဗျ။ ဇော်ချောင်းရွာကို မနေ့ကရော တစ်နေ့ကရော ရှို့တာ လေးကြိမ် မြောက်ပါ။ အိမ်နဲ့ ပီပီသသဆိုလို့ အဲဒီ ၁၀ လုံးလောက်ပဲရှိတော့မယ်။ အဲဒီ ၁၀ လုံး လောက်ကလည်း မီးစွဲပြီးတော့ မကျွမ်းလိုက်တာပေါ့ဗျာ။ ရွာကကတော့ အခုမီးလောင် ပြင်ကြီး။ သစ်ပင်ကစ ကျွမ်းသွားတာ”

လက်ရှိမှာ ရွာကို ပြန်မကပ်နိုင်သေးဘဲ ဘေးလွတ်ရာ တောထဲ၊ ယာထဲတွေမှာ အဆင်ပြေ သလို နေထိုင်နေရ တယ်လို့ သူက ဆိုပါတယ်။

ဇော်ချောင်းရွာဟာ အိမ်ခြေ ၁၈၀ ခန့်ရှိပြီး အရင်နှစ်ကြိမ် မီးရှို့ခံရကတည်းက နေအိမ် ၁၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ရပြီး အခုတစ်ကြိမ်ပြန်ဝင်စဉ် ကျန်နေတဲ့ နေအိမ်အားလုံးနီးပါး ကို ထပ်မံမီးရှို့ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းဟာ အောက်တိုဘာ ၇ ရက် ဒီနေ့မနက်မှာတော့ ဇော်ချောင်း ရွာကနေ ထွက်ခွာ သွားပြီး သင်တောရွာနဲ့ အောက်တဲရွာက တောင်ကုန်းပေါ်မှာ တပ်စွဲ ထားတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထိုးနေတာကြောင့် ဇော်ချောင်း၊ သင်တော၊ အောက်တဲ၊ လွင်ကြီးနဲ့ အလယ်ခုံ စတဲ့ ရွာတွေက ဒေသခံ ငါးထောင်ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ်ထဲကို စစ်ကြောင်းထိုးတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရ စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကြောင်းတွေအနေနဲ့ ကျေးရွာ တွေထဲ ဝင်ရောက်တာ မရှိသလို နေအိမ်တွေကို မီးရှို့တယ်ဆိုတာ စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ တုံ့ပြန်ငြင်းဆိုထားပါတယ်။

အာဏာသိမ်းကာလ လပေါင်း ၂၀ ကျော်အတွင်း ကန့်ဘလူမြို့နယ်ထဲက အင်ငုတ်တို၊ ထန်းတော၊ ပေလည်၊ ရဲဒွေး၊ ပုဏ္ဏားကြီး၊ တင်မော်၊ ဥကင်းကြည်၊ ဆားကျင်း၊ ပိတောက်ပင်၊ ညောင်ပေါင်ရင်း၊ ကံကြီး၊ ကျွန်းကုန်း၊ ရွာသစ်ကုန်း၊ ဇော်ချောင်း၊ ကိုင်းမ၊ လွှဲဆိပ်၊ လျှော်ဖြူ ကုန်း၊ နှောကုန်း၊ အလယ်ခုံ အစရှိတဲ့ ရွာပေါင်း ၂၀ ကျော်က နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ၃၆,၂၀၉ လုံးထက်မနည်း မီးရှို့ခံ ခဲ့ရပြီး အဲဒီအထဲကမှ စစ်ကိုင်းတိုင်းက အိမ်ခြေ ၂၅,၃၇၇ လုံးနဲ့ အများဆုံး မီးရှို့ခံရတဲ့ ဒေသဖြစ်ပါတယ်။