စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ် ရပ်ကွက်တချို့နဲ့ မြို့အနီးက ညောင်ပင်ဝန်ရွာကို စစ်ကောင်စီတပ်က မတ်လ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကနီမြို့မှာ မတ်လ ၂ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မတ်လ ၁၂ ရက်နေ့ နောက်ပိုင်းမှာ PDF တပ်ဖွဲ့တွေ ဆုတ်ခွာခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက်မှာတော့ ကနီမြို့ပေါ် အမှတ် ၁ ရပ်ကွက်နဲ့ အမှတ် ၂ ရပ်ကွက်ကို မတ်လ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီး မတ်လ ၁၄ ရက်နေ့မှာ မြို့အရှေ့ဘက် တစ်မိုင်ခွဲအကွာက ညောင်ပင်ဝန်ရွာကို မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
"ကနီမြို့တွင်းကလည်း ပျက်စီးနေတယ်။ စကစ ရုပ်အလောင်းတွေ၊ ပြည်သူတွေရဲ့ ရုပ်အလောင်းတွေရှိတယ်။ အဲဒီမှာ ပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတယ်။ နောက်တစ်ခုက တော်လှန်ရေးသမားတွေရဲ့ နေအိမ်တွေက စရှို့ခံရတဲ့ အနေအထားလို့ တွေ့ရတယ်။ အဲဒီလောက်အထိပဲ ပြောနိုင်ပါတယ်"
ကနီမြို့ပေါ် ရပ်ကွက်တချို့နဲ့ ညောင်ပင်ဝန်ရွာက မီးလောင်ပျက်စီးရမှု အခြေအနေကိုတော့ စစ်ကောင်စီတပ်တွေ ရှိနေသေးတဲ့အတွက် မသိရှိနိုင်သေးဘူးလို့ သူက ပြောပါတယ်။
ကနီမြို့ပေါ်မှာ တိုက်ပွဲဝင်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း မြို့ပေါ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ပေါင် ငါးရာ ဗုံးကြဲချခဲ့တာလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်က မီးရှို့ဖျက်ဆီးမှုတွေကို PDF တွေလုပ်ဆောင်တာလို့ ပြောပါတယ်။
"သူတို့ (PDF) တွေ ရှို့တာလည်း ဖြစ်နိုင်တာပဲ။ ပြေးတဲ့အခါ အနှောင့်အယှက်ဖြစ်အောင်ပေါ့။ တပ်က အကုန်ထိန်းချုပ်ထားနိုင်ပါပြီ။ သူတို့ (PDF) လည်း မရှိတော့ပါဘူး။ ပြန်ထွက်ပြေးသွားပြီပေါ့။ မြို့ပေါ်မှာ လူတွေနေမယ်ဆို လာနေလို့ရပါပြီ"
ဒီတိုက်ပွဲတွေနဲ့ လက်နက်ကြီးတွေကြောင့် ကနီမြို့နယ်ထဲက တဇယ်ချောင်၊ ညောင်ပင်ဝန်၊ မင်းကုန်း အပါအဝင် အနီးနားကျေးရွာတွေက ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။