ကနီမြို့နယ်မှာ အရပ်သား နှစ်ဦးနဲ့ PDF တစ်ဦး ခေါင်းဖြတ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အနောက်ပိုင်းကို လေးရက်ကြာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်က အရပ်သား နှစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်တစ်ဦးကို ခေါင်းဖြတ်သတ်သွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မတ်လ ၂၁ ရက်မှာ RFA ကို ပြောပါတယ်။

စစ်ကြောင်းဝင်လာလို့ တောထဲမှာပုန်းနေတဲ့ အသက် ၃၀ အရွယ် ကိုလွင်မောင်နဲ့ သူရဲ့ ယောက်ဖဖြစ်တဲ့ အသက် ၅၀ ကျော် ဦးငသုန်တို့ရဲ့အလောင်းကို မတ်လ ၁၉ ရက်နေ့က တောင်ပေါက်ရွာနားမှာ တွေ့ခဲ့တာလို့ အမည်မဖော်လိုတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“အလောင်းတွေတွေ့တာ ၁၉ ရက်နေ့မှာ။ မနေ့က သင်္ဂြုဟ်လိုက်တာ။ တစ်ယောက်ကိုတော့ ခေါင်းကိုဖြတ်ပြီး ငုတ်မှာချိတ်ထားခဲ့တာ။ တစ်ယောက်က လည်ပင်းလှီးခံရတာ မျက်နှာတွေလည်း ဖူးရောင်နေတာပဲ။ မျက်နှာပိုင်းတွေ ရိုက်နှက်စစ်ထားတာတွေ့တယ်။ ဘီလူးစစ်ကြောင်းက သူတို့ လုပ်နိုင်တယ်ဆိုတာကို ပြချင်လို့ နယ်မြေတွေ တိုးချဲ့ပြနေတာပါပဲ”

မတ်လ ၁၇ ရက်နေ့ကတည်းက ကနီမြို့နယ် အနောက်ပိုင်းကို စစ်ကောင်စီတပ်ဝင်စီးပြီး ထူးကျေးရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အသက် ၁၈ နှစ်အရွယ် ကိုဝိုင်းမောင်ကိုလည်း ခေါင်းဖြတ်သတ်သွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒေသခံတွေက ဘီလူးစစ်ကြောင်းလို့ ခေါ်ကြတဲ့ အဲဒီစစ်ကြောင်းမှာ ရေဦးမြို့နယ်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပုလဲမြို့နယ်က ပျူစောထီးအဖွဲ့ဝင်တွေပါပြီး သူတို့ရဲ့ တပ်ရင်း၊ တပ်မတွေကိုတော့ အတိအကျပြောဖို့ ခက်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး သူ့အနေနဲ့ ကြားသိထားတာမရှိဘူးလို့ RFA ကို ပြောပါတယ်။

လက်ရှိ ကနီမြို့နယ်မှာ ဒေသခံ သုံးထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကူညီသူတွေက ပြောပါတယ်။

ကနီမြို့ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေက မတ်လ ၂ ရက်နေ့မှာ ထိုးစစ်ဆင်ခဲ့ပြီး မြို့တွင်းနေရာအများစုကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်တပ်က အင်အားအများအပြားဖြည့်တင်းလာလို့ မတ်လ ၁၂ ရက်နေ့မှာ မြို့ကနေ ပြန်ဆုတ်ခွာခဲ့ရပါတယ်။